CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုရက်ပိုင်း၌ ကိုဗစ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာကာ နေ့စဉ်ရာနှင့်ချီ ကိုဗစ်ပိုးတွေ့ရှိနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းတွင် ကိုဗစ်ကူးစက်မှု ပြန်မြင့်လာခြင်းသည် အိုမီခရွန်ကြောင့်ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်‌ ဒေါက်တာသန်းနိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာသန်းနိုင်စိုးက“ဒါကတော့ အဓိကကတော့ အိုမီခရွန်ပေါ့ဗျာ။ ဘာလို့ဆို ဒီ ဗိုင်းရပ်စ်က ဝင်လာပြီဆိုရင် သူက အင်မတန်မှ ကူးစက်မှုနှုန်းမြန်တာ။ ပြီးတော့ ရန်ကုန်ရဲ့သဘောကလည်း လူဦးရေထူထပ်တာပေါ့။ တစ်နေရာနဲ့ တစ်နေရာသွားတဲ့အခါကျရင်လည်း public transport တွေ သုံးရတယ်။ နောက် လုပ်ငန်းတွေ ဆက်စပ်မှု အရမ်းများတယ်ပေါ့ လူမှုရေး၊ စီးပွားရေးအရလေ။ ဒါတွေကလည်း ရှိတဲ့အခါကျတော့ ဒီဟာတွေ ကနေပြီးတော့ တဆင့် လူအချင်းချင်း ထိတွေ့မယ်ပေ့ါနော် အကာအအကွယ်မပါဘဲနဲ့ ထိတွေ့မယ်ဆိုရင် ကူးစက်မှုနှုန်းက အင်မတန်မှမြန်တယ်ပေါ့” ဟု ဆိုသည်။

လက်ရှိတွင် ဆေးခန်းများသို့ လာရောက်ပြသသည့် လူနာများတွင် ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုး ခြင်း၊ ကိုယ်ခန္ဓာနှုံးခြင်း အစရှိသည့် ကိုဗစ်လက္ခဏာ အများအပြားတွေ့ရှိရကြောင်း ပရဟိတအသင်းများထံမှ သိရသည်။

စေတနာရှင်ပရဟိတအသင်း ရန်ကုန်မှ ဖွင့်လှစ်ထားသည့် စေတနာရှင်ပရဟိတ ကုသိုလ်ဖြစ်ဆေးခန်းတွင် ယခုရက်ပိုင်းအတွင်း လာရောက်ပြသသည့်လူနာများအား ကိုဗစ်လက္ခဏာ သံသယရှိသဖြင့် တို့ဖတ်နမူနာ စစ်ဆေးပေးရာတွင် ကိုဗစ်ပိုးတွေ့ရှိသူများ ရှိကြောင်းသိရသည်။

ကိုဗစ်ကူးစက်မှု စစ်ဆေးရာနေရာတစ်ခုကို တွေ့ရစဉ်

စေတနာရှင်ပရဟိတအသင်း(ရန်ကုန်)မှ ကိုဝေဖြိုးက “အခုရက်ပိုင်းကတော့ ဖျားနာလူနာများလာတယ်။ စစ်လိုက် လို့ရှိရင် positive ထွက်တဲ့သူများတယ်။ သံသယရှိလို့လာပြတယ်။ ဖျားနာလို့လာပြရင်း သံသယရှိတဲ့သူဆိုရင် သူတို့ စစ်မလားလို့မေးလိုက်တယ်။ ဆေးစစ်မလား။ စစ်မယ်ဆိုတဲ့သူကျတော့ စစ်ပေးလိုက်တယ်။ တချို့ကျတော့ လည်း မစစ်ချင်ဘူး။ ဒါပေမယ့် သူ့လက္ခဏာတွေရဲ့ သဘောတရားကြည့်မယ်ဆိုရင်တော့ အဲ့ လက္ခဏာတွေရှိ တယ်။ ပိုးတွေ့လို့ရှိရင် ကိုယ့်သဘောနဲ့ကိုယ် စင်တာကို သွားပို့လို့မရဘူး။ မြို့နယ်ကျန်းမာရေးဦးစီးဌာနကို အကြောင်းကြားရတယ်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနက အဲ့လူနာကို အခုဆိုရင် အောင်မြင့်မိုရ် မနေ့က စဖွင့်ပြီ ပေါ့။ အရင်ကတော့ ရိုးမရယ်၊ ဇီဝကရယ် နောက်တခါ အုတ်တစ်ချပ်သဲတစ်ပွင့် ဒါပဲရှိသေးတာ။ ဒဂုံအရှေ့ကနေ ပြီးတော့ မနေ့ကပို့တာ ၂၂ ယောက် ” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ပိုးတွေ့လူနာများလာသည့်အတွက် ခရိုင်လေးခုကို အခြေပြုပြီး ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ခံစားနေရပါကလည်းကောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည်များရှိပါကလည်းကောင်း ခရိုင်အလိုက်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များထံ ဆက်သွယ် နိုင်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပမှ နေရပ်ပြန်လာသူများနှင့် ပြည်တွင်းတွင် အိုမီခရွန်ကူးစက်ခံရသူ စုစုပေါင်း ၃၄၉ ဦး ရှိပြီဖြစ်ကြောင်းနှင့် ထိုထဲတွင် ရန်ကုန်မှ ၁၀ ဦးခန့် ရှိပြီဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။

အိုမီခရွန်သည် Delta ထက် ကူးစက်မှုနှုန်းပိုမြန်ကာ ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် လူများတွင် ရောဂါ လက္ခဏာ ပြင်းပြင်းထန်ထန် မတွေ့ရသော်လည်း ရောဂါအခံရှိသူများတွင်မူ ရှိနေသည့်ရောဂါအခံမှာ ပိုဆိုးလာ ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း အိုမီခရွန်အား ဒီဇင်ဘာ ၂၈ ရက်နေ့က ပြည်တော်ပြန် ၄ ဦးတွင် စတင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။