CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၆

ဥရောပ၊ အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျ နိုင်ငံများတွင်ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါ (monkeypox)အား မြန်မာနိုင်ငံတွင် စမ်းသပ်စစ်ဆေးနိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မျောက်ကျောက်ရောဂါ ဟုတ်၊ မဟုတ် စမ်းသပ်စစ်ဆေးခြင်းသည် ကိုဗစ်ပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခြင်းနှင့်တူကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာသန်းနိုင်စိုးက"စမ်းသပ်စစ်ဆေးနိုင်တဲ့ ကိရိယာတွေလည်း ကျနော်တို့ လက်ထဲရှိနေပြီဖြစ်ပါတယ်။ ရောဂါလက္ခဏာ သံသယရှိတယ်၊ မျောက်ကျောက်ရောဂါ အတည်ပြုသူနဲ့ ထိတွေ့ခဲ့တယ်။ အာဖရိကတို့ ဘာတို့ ခရီးသွားပြီးပြန်လာတယ် ဒီလိုမျိုးပေါက်တယ်ပေါ့။ ကျနော်တို့ပြောထားတဲ့လက္ခဏာတွေထဲမှာ ထူးခြားတာက ဖျားကတည်းကိုက အရည်ကြည်ဖုတွေနဲ့အတူ အကျိတ်တွေပါတွဲပြီး ကြီးလာတယ်။ ဒီလိုမျိုး သံသယရှိဖွယ် ကောင်းတယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနကို သတင်းပေးပို့ပါ။ ပို့တဲ့အခါကျရင် ကျနော်တို့မှာ အရင်ဆုံး RTDနဲ့ စစ်လို့ရတယ်။ RTD စစ်လို့ ဗိုင်းရပ်စ် အုပ်စုထဲပါနေပြီဆိုရင် နောက်တဆင့် PCR နဲ့ ထပ်စစ်လို့ရတယ်။ အဲဒီလို PCR နဲ့ ထပ်စစ်လို့ confirmation ရရင် ကျနော်တို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ reference laboratory နဲ့ ပြန်တိုက်ရတာတွေရှိတယ်။ ဒီမှာတင်ပဲ ကျနော်တို့က ကနဦး စစ်လို့ရတဲ့အနေထားရှိတယ်” ဟု ပြောသည်။

မျောက်ကျောက်ရောဂါသည် များသောအားဖြင့် အပျော့စားဖြစ်ပြီး အာဖရိကတိုက်အနောက်ပိုင်းနှင့် အလယ်ပိုင်း တို့တွင် ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါဖြစ်ကြောင်း၊ ကျောက်ရောဂါနှင့်တူညီသည့် ရောဂါဗိုင်းရပ်စ်မျိုးစုတွင် ပါဝင်သော်လည်း ၎င်း၏ရောဂါလက္ခဏာများသည် ကျောက်ရောဂါထက် ပိုမိုပျော့ပျောင်းကြောင်း သိရသည်။

ထို မျောက်ကျောက်ရောဂါသည် လက်ရှိတွင် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင်လည်း ကူးစက်ခံရခြင်း မရှိသေးကြောင်းနှင့် သတင်းအမှားများအား မဖြန့်ဝေကြရန် ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

မျောက်ကျောက်ရောဂါ၏ ကာကွယ်ရေးနည်းလမ်းများသည် ကိုဗစ်ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ဆင်တူ သည့်အပြင် အသားစိမ်းငါးစိမ်းများအား ကျက်အောင် ချက်ပြုတ်ပြီးမှ စားသောက်ရန်နှင့် အသားစိမ်း ငါးစိမ်းများ ကိုင်တွယ်ပြီးပါက လက်ကို စနစ်တကျဆေးကြောသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

‌ဒေါက်တာသန်းနိုင်စိုးက “အဓိကကတော့ တောရိုင်းတိရစ္ဆာန်တွေဆီကနေ တိုက်ရိုက်ထိတွေ့ပြီးတော့ ကူးတာရှိတယ်။ နောက် လူအချင်းချင်းကူးစက်တာရှိတယ်။ တောရိုင်းတိရစ္ဆာန်ထိတွေ့တာကနေ မကူးဘူးဆိုရင်တောင် တောရိုင်းတိရစ္ဆာန်အသေကောင်တွေကို မလိုအပ်ဘဲနဲ့ မထိတွေ့ဖို့၊ အကာအကွယ်မပါဘဲနဲ့ မထိတွေ့ဖို့ပေါ့။ အထူး သဖြင့် လမ်းဘေးမှာ အကောင်လေးတွေပေါ့။ ကြက်ကလေးတွေ ဒီလိုမျိုးပေါ့၊ မျောက်ကလေးတွေ သေနေတာ တွေ့ရင် အကာကွယ်မပါဘဲနဲ့ သွားရောက်ထိတွေ့မှုမပြုဖို့ပေ့ါ အရေးကြီးတဲ့အချက်ပေါ့။ လူအချင်းချင်း ကူးစက်မှု က ကာကွယ်ဖို့ဆိုရင်လည်း ဒီလိုမျိုး လက္ခဏာတွေရှိတယ် ရေကျောက်ပဲဖြစ်ဖြစ် ရေယုန်ပဲဖြစ်ဖြစ်ပေါ့။ ဒီလိုမျိုး ဥလေးတွေရှိတဲ့သူတွေနဲ့ ဖြစ်နိုင်ရင် ကိုယ်နဲ့မသိတဲ့သူဆိုရင် ခပ်ခွာခွာနေဖို့။ နောက်ပြုစုတဲ့သူဆိုရင်လည်း အနီးကပ်ပြုစုတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် mask လေးတွေ တပ်ထားဖို့၊ လက်အိတ်လေးတွေ အသုံးပြုပြီးကိုင်ဖို့။ ပြီးရင် လက်ကို စနစ်တကျပြန်ဆေးဖို့။ လက်မဆေးဘဲနဲ့ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးမကိုင်ဖို့။ ဒါတွေက ကိုဗစ်နဲ့လည်း ခပ်ဆင်ဆင်ပေ့ါနော်” ဟု ပြောသည်။

၎င်းရောဂါသည် ကမ္ဘာ့ကပ်ရောဂါအဖြစ် ဖြစ်နိုင်မည့် အလားအလာမှာ အလွန်နည်းပါးကြောင်းနှင့် ကိုဗစ်ကဲ့သို့ ကူးစက်မှုနှုန်းမမြန်သည့်အပြင် ရောဂါမှာလည်း အဟောင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ဂိတ်ဝင်ထွက်ပေါက်များတွင် ရောဂါသံသယလက္ခဏာရှိသူများအား စောင့်ကြပ်ကြည့်ရှုနေကြောင်းနှင့် ၎င်း မျောက်ကျောက်ရောဂါသည် ၁၉၅၈ ခုနှစ်ကတည်းက တွေ့ရှိသည့် ရောဂါတစ်မျိုးဖြစ်ကြောင်းလည်း ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

အဆိုပါ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ WHO က မေလ ၂၁ ရက်အထိ အတည်ပြုလူနာ ၉၂ ဦးနှင့် သံသယ ရှိသူ ၂၈ ဦးတို့ကို WHO အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံမှ မိမိတို့ထံ တင်ပြ အစီရင်ခံလာကြောင်းထုတ်ပြန်ထားသည်။

မျောက်ကျောက်ရောဂါ၏ လက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုင်ခြင်း၊ နောက်ကျောနှင့် ခါးများ နာကျင် ကိုက်ခဲ ခြင်း၊ ပြည်ရည်ကျိတ်များ ထွက်ပေါ်ကာ ရောင်ရမ်းခြင်း၊ ချမ်းတုန်ခြင်းနှင့် ခြေကုန်လက်ပမ်းကျ မောပန်းလွယ် ခြင်းတို့ ခံစားရနိုင်ကြောင်း သိရသည်။