CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၂
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်အထိ သံသယလူနာများ၏ ဓာတ်ခွဲနမူနာ (၁၂၉) ခုကို ဓာတ်ခွဲ စစ်ဆေး ခဲ့ရာမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၁၉ ရက် နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
မျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်နေလျက်ရှိပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့မှ အကြုံပြုချက်များအား မိမိတို့နိုင်ငံအနေဖြင့် ကဏ္ဍအလိုက် ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြော သည်။
ထို့နောက် နိုင်ငံဖြတ်ကျော် ဝင်/ထွက်ပေါက်များတွင် မျောက်ကျောက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ လူထု အတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား တိုးမြှင့်ဆောင်ရွက်ခြင်း၊ သီးခြားထားရှိ ကုသမှုပေးခြင်း၊ ကာကွယ် ဆေး ထိုးနှံခြင်း၊ စံကိုက်ကုထုံးများကုသခြင်း၊ ရောဂါပိုး ထိန်းချုပ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ စုဆောင်းထား ရှိခြင်း စသည်တို့ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းမှ ပြောကြားခဲ့သည်။
အာဖရိကတိုက် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လျက်ရှိသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။
မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု အစောပိုင်းကာလတွင် အာဖရိကတိုက်တွင်သာ တွေ့ရလေ့ရှိသော်လည်း ယခုအခါ အာရှနိုင်ငံအချို့သို့ စတင်ပျံ့နှံ့လျက်ရှိသည်။
ရောဂါဖြစ်ပွားမှု သိသိသာသာ တိုးလာပြီး ကွန်ဂိုတွင် ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ခံရ သူပေါင်း ၁၅၆၀၀ ကျော်နှင့် သေဆုံးသူ ၅၃၇ ဦး အထိရှိခဲ့သည်။
မျောက်ကျောက်ရောဂါ သံသယရှိသူ ကလေးငယ်ကို ကြည့်ရှုစစ်ဆေးနေစဥ်
မျောက်ကျောက်ရောဂါသည် တိရိစ္ဆာန်မှ လူကိုကူးစက်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားမှတစ်ဆင့် ကူးစက်ခြင်းအပြင် ရောဂါရှိသူနှင့် အနီးကပ်စကားပြောခြင်း၊ အနီးကပ်နေထိုင်ခြင်း၊ အနီးကပ်အသက်ရှုခြင်း စသော အသက်ရှုလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားနှင့် အရည်များမှ တစ်ဆင့်လည်း ကူးစက်တတ်သည်။
ထို့ပြင် ချုံပုတ်အရွက်များကို ကိုင်တွယ်မိခြင်း၊ ရောဂါကူးစက် ဖြစ်ပွားနေသော လူ သို့မဟုတ် တိရိစ္ဆာန်နှင့် အနီးကပ်ထိတွေ့ခြင်း၊ တိရိစ္ဆာန် ကိုက်ခံရခြင်း သို့မဟုတ် ခြစ်မိခြင်း၊ ရောဂါဖြစ်နေသော အနာခွက်များကို ထိတွေ့ ကိုင်မိခြင်း၊ ခန္ဓာကိုယ်မှ ထွက်ရှိသောအရည် (တံတွေး၊ နှာရည်၊ သွေး၊ ချွေး၊ ဆီးနှင့် လိင်အင်္ဂါ ထွက်သောအရည်)၊ အရေပြားပေါ်တွင် အနီအဖုအပိမ့်ထွက်သူများ အသုံးပြုခဲ့သော အဝတ်အထည်၊ အိပ်ရာ၊ စောင် စသည့် အသုံး အဆောင်များမှ တစ်ဆင့်လည်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့နိုင်သည်။
မျောက်ကျောက်ရေဂါ ကူးစက်ပြန့်ပွားချိန်သည် ၂၁ ရက်ထိတိုင် ကြာမြင့်နိုင်ပြီး ရောဂါကူးစက်ချိန်အား အချိန်ကာလ ၂ ခုပိုင်းခြားနိုင်သည်။
ရောဂါဖြစ်ပွားချိန် ပထမဆုံး ၅ ရက်အတွင်းတွင် ဖျားခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ပြန်ရည်အိတ်များ ရောင်ရမ်းခြင်း၊ ခါးနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း စသည်တို့ ခံစားရနိုင်သည်။
ဖျားပြီးနောက် ၁ ရက်မှ ၅ ရက်အကြာ ခန္ဓကိုယ်၌ အနီစက် သို့မဟုတ် အနီပြင်များဖြစ်ပေါ်ခြင်း၊ အရည်ဖုများ၊ ပြည်ဖုများ စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပေါ်ပြီးနောက် အနာများဖြစ်ပေါ်ကာ နောက်ဆုံးတွင် အနာများ ပျောက် ကင်းသွားပြီး အမာရွတ်အဖြစ် ကျန်ခဲ့နိုင်သည်။
မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါ ဖြစ်သည့်အတွက် တစ်ကိုယ်ရေ သန့်ရှင်းမှုက အထူးအရေးကြီးသည်။
မျောက်ကျောက်ရောဂါ လက္ခဏာကို တွေ့ရစဥ်
မျောက်ကျောက် (Mpox) ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းအား ရှောင်ကြဥ်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်သော ရေမလို လက်သန့်စင် ဆေးရည် အသုံးပြု၍ စနစ်တကျဆေးကြောခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။
ထို့အပြင် နှာချေ ချောင်းဆိုးသည့်အခါ လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အသား ငါးများကို ကျက်အောင်ချက်စားခြင်း၊ တောရိုင်းတိရိစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ခြင်းကို ရှောင်ကြဥ် ခြင်း၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများကို ကိုင်တွယ်ခြင်းကို ရှောင်ကြဥ်ခြင်း၊ အများသုံးနေရာ များအား ထိတွေ့မှုများကို အထူးဂရုစိုက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ကောင်းမွန်စွာ ဆောင်ရွက်ခြင်း စသည့် နည်းလမ်းများအား စနစ်တကျ လုပ်ဆောင်ခြင်းဖြင့် မျောက်ကျောက် ရောဂါကို ကာကွယ်နိုင်သည်။
ယခုအခါ မျောက်ကျောက်ရောဂါသည် အရှေ့တောင်အာရှ နိုင်ငံများအထိပါ ကူးစက်လာနေပြီဖြစ်သည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသော သံသယ ဖြစ်ဖွယ် ပထမဆုံးလူနာကို နိုင်ငံတွင်းမှာ တွေ့ရှိခဲ့သည်ဟု ထိုင်းအာဏာပိုင်များမှ သြဂုတ်လ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများအနေဖြင့် စိုးရိမ်မှုများ မြင့်တက်နေကြသည်။
ထို့အတူ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသော ပထမဆုံးလူနာအား နိုင်ငံတွင်းတွင် တွေ့ရှိခဲ့သည်ဟု ဖိလစ်ပိုင်အာဏာပိုင်များမှ ပြီးခဲ့တဲ့သြဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ပြောကြားထားသည်။