CNI News

၂၀၂၁ခုနှစ်၊ ဇူလိုင် ၃၁ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးအနီးရှိ ရွှေအိုးဆေးဆိုင်တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်က ဆေးဝယ်ရန် တန်းစီးနေသူ လူဦးရေများပြားလာခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက လူစုလူဝေး မလုပ်ကြ ရန်ပြောပြီးနောက် လူစုခွဲခိုင်းခဲ့ကြောင်း သိရသည်။

ရွှေအိုးဆေးဆိုင်တွင် Enoxaparin ဆေးဟု အမည်ရှိသည့် သွေးကျဲဆေးကို လာရောက် ဝယ်ယူကြစဉ် တန်းစီ ရာမှာ လူဦးရေ ၃၀၀ နီးပါး ရှိလာခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များကြောင့် လူစုလူဝေး မလုပ်ရန်ပြော၍ ရဲတပ်ဖွဲ့က လူစုခွဲခိုင်းကာ ဆိုင်ပိတ်ခိုင်းခဲ့ကြောင်း တန်းစီရာမှာ ပါဝင် သူ ကိုနိုင်(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။ 

ဆေးဝယ်ရန်အတွက် နံနက် ၅ နာရီကျော်ကတည်းက တန်းစီနေသည့် ကိုနိုင်(အမည်လွှဲ)က “အဲ့ဆေးဆိုင်မှာ မနက် ၈ နာရီကျရင် သွေးကျဲဆေး ရောင်းမယ်ဆိုပြီး ကြေညာထားတယ်။ ကြေညာထားတော့ ထိပ်ဆုံးက လူ တွေက မနက် ၃ နာရီကျော်လောက်ကတည်းက ထိုင်စောင့်နေတယ်လို့ ကြားတယ်။ ကျနော်ရောက်သွားတော့ ၅ နာရီခွဲလောက် အဲ့ချိန် ရှေ့မှာ လူက ၃၀၀၊ ၄၀၀ လောက်ဖြစ်နေပြီ။ ၉ နာရီကျော်လောက်မှာ ပထမဆုံး ရဲက ရောက်လာတယ်။ ရဲကရောက်လာပြီး ဘယ်လို လာပြောတာလဲဆိုတော့ ဒီလိုတန်းစီလို့ မရဘူးပေါ့။ အထက်က ဒီလိုမျိုး လူစုလူဝေးမလုပ်ဖို့ သူတို့ကို ဖယ်ခိုင်းတယ်ပေါ့နော်။ အဲ့လိုမဖြစ်ရဘူးဆိုပြီး လာပြောတာ ကြားလိုက် တယ်”ဟု ဆိုသည်။

ပုံ-ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်ပိုင်းကတောင်ဥက္ကလာပမြို့နယ်က ရွှေအိုးဆေးဆိုင်မှာ Enoxaparin ဆေးဝယ်ရန်စောင့်ဆိုင်းနေကြ သူများကိုတွေ့ရစဉ်(CJ)

ရဲများရောက်လာပြီးနောက် ဆေးဆိုင်မှ စာရင်းကောက်ပြီး လူ ၂၀၀ ခန့်သာ ရောင်းမည်ဟု စာရင်း ဖြတ်လိုက် ပြီးနောက် စစ်ကားနှင့်ရဲကား ထပ်မံရောက်ရှိလာ၍ လူစုခွဲခိုင်းခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Stay at home သတ်မှတ်ထားသည့် မြို့နယ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ထိုဆေးသည် သွေးတွင်း သွေးခဲပိတ်ဆို့ဖြစ်ပေါ်ခြင်းအား တားဆီးပေးသည့် ဆေးဖြစ်ပြီး အောက်ဆီဂျင် ရှူနေရ သည့် သူများအတွက် အသုံးပြုရသော ဆေးဖြစ်ကြောင်း ၎င်းဆေးဝယ်ယူရန် တန်းစီနေသူ ကိုနိုင်(အမည်လွှဲ) က ပြောသည်။

“အောက်ဆီဂျင် ရှူလိုက်တယ်ဗျာ အောက်ဆီဂျင်က pressure နဲ့ ရှူရတဲ့အခါဖြစ်တဲ့အတွက် တချို့နေရာတွေမှာ သွေးခဲသွားတတ်တယ်။ သွေးခဲသွားရင် တချို့နှလုံးတို့ တခြားအစိတ်အပိုင်းတွေကို ရောက်သွားတဲ့အခါ အသက် ဆုံးရှုံးရတယ်။ ဆရာဝန်တွေက ဒီဆေးကို ချောင်းဆိုး ချွဲကြပ်ပြီး အောက်ဆီဂျင် ရှူနေရတဲ့သူတွေကို အဓိက ထိုးပေးတဲ့ဆေးပေါ့။ ဒီနေ့ ရန်ကုန်တစ်မြို့လုံး ဆေးဆိုင်တွေမှာလည်း ကျနော်ဆို တော်တော်စုံနေပြီ လိုတာက ၃ လုံး၊ ၄ လုံးလောက်လိုတာကို အခု တစ်လုံးပဲရသေးတယ်” ဟု ကိုနိုင်(အမည်လွှဲ) က ပြောသည်။

Enoxaparin ဆေးဟု အမည်ရှိသည့် သွေးကျဲဆေးသည် လက်ရှိတွင် ဈေးကွက်၌ ဝယ်ယူ၍ မရသည့် ဆေးဖြစ် ပြီး ရွှေအိုးဆေးဆိုင်၌ ဆရာဝန်ညွှန်ကြားစာ အပြည့်အစုံယူဆောင်လာ၍ ဝယ်ယူနိုင်ကြောင်း ရွှေအိုးဆေးဆိုင် Page တွင် ရေးသားထားသည့်အတွက် ၎င်းဆေးဝယ်ရန် ယခုကဲ့သို့ လူဦးရေအများအပြား တန်းစီကြခြင်း ဖြစ် သည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနသို့ ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေခြင်း မရှိသေးသည့်အတွက် တစ်စုံတစ်ရာ မသိရသေးပေ။

#ရွှေအိုးဆေးဆိုင်
#Enoxaparin
#လူစုလူဝေးဖြစ်
#လူစုခွဲခိုင်း
#တောင်ဥက္ကလာပမြို့နယ်
#CNImyanmar
#cninews
#ChannelNewsIndependent