CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁ရက်
COVID-19 တတိယလှိုင်းကြောင့် နေ့စဉ်နှင့်အမျှ ကူးစက်မှုနှုန်းသာမက သေဆုံးမှုနှုန်းများပါ မြင့်တက်လျက်ရှိသည့် မြန်မာနိုင်ငံတွင် ဖျားနာပြီး အနံ့ပျောက်သည့် လက္ခဏာအား လူအများစု တွေ့ကြုံခံစားနေကြရသော်လည်း အနံ့ ပျောက်ခြင်းသည် ထိတ်လန့်စရာမဟုတ်ကြောင်း စေတနာရှင် ပရဟိတအသင်း(ရန်ကုန်)တွင် သူနာပြု Volunteer လုပ်ပေးနေသည့် ကိုစောသော်ထက်က CNI သတင်းဌာနသို့ ပြောသည်။
သူနာပြု Volunteer လုပ်ပေးနေသည့် ကိုစောသော်ထက်က“ကျနော်တို့က ၃ ခု သတ်မှတ်ထားတယ်။ အနံ့ပျောက်ရင် အဆင့် ၁၊ လည်ချောင်းတွေယားပြီး ချောင်းဆိုလာရင် အဆင့် ၂နဲ့ မောဟိုက်ပြီးတော့ အဆုတ်တွေ နာလာပြီဆိုရင်တော့ အဆင့် ၃ ဆိုပြီး သတ်မှတ်ထားပါတယ်။ အနံ့ပျောက်လာတဲ့ အခြေအနေမှာဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ အနံ့ပျောက်တယ်ဆိုတာ သိပ်ပြီးတော့ ကြောက်ဖို့မကောင်းပါဘူး။ အနံ့ပျောက်ပြီဆိုတာနဲ့ သတိထားလို့ရပါပြီ။ အနံ့ပျောက်တယ်ဆိုတာ အရမ်း ကျေးဇူးတင် သင့်ပါတယ်။ အနံ့မပျောက်ပဲ ဖြစ်နေတဲ့သူထက် အနံ့ပျောက်ပြီးတော့ လက္ခဏာစပြတယ်ဆို အရမ်း ကျေးဇူး တင်ဖို့ ကောင်းပါတယ်။ အနံ့ပျောက်ပြီဆို ကိုယ့်ကိုယ်ကို သတိထားလို့ရပါပြီ ငါအနံ့ပျောက်ပြီဆိုပြီး ထိတ်လန့်တကြား မဖြစ်သွားပါနဲ့”ဟု ဆိုသည်။
အနံ့ပျောက်ပြီဆိုပါက ကိုယ်ခံအားကောင်းအောင် နေသင့်ပြီး အစားများများ စားပေးရန် လိုအပ်ကြောင်း၊ အနံ့ပျောက်သူ အများစုသည် အနံ့ပျောက်သည့်အခါတွင် အနံ့ရလိုရငြား ပရုတ်ဆီဘူးရှူခြင်း၊ ရေနွေးပူထဲသို့ ပရုတ်ဆီထည့်၍ ရှူကြခြင်း များ ပြုလုပ်လေ့ရှိကြကြောင်း၊ ထိုသို့ ပရုတ်ဆီရှူခြင်းသည် လေပြွန်နှင့် အဆုတ်ကို ထိခိုက်စေသည့်အပြင် အနံ့ပြန်ရရန် အတွက် အထောက်အကူမဖြစ် ကြောင်း သူနာပြု Volunteer လုပ်ပေးနေသည့် ကိုစောသော်ထက်က ဆိုသည်။
“သူများတွေပြောနေကြသလို ပရုတ်ဆီတွေရှူကြတယ် အနံ့ပြင်းပြင်းရလား မရလားကလွဲရင် သူတို့က အထောက်အကူ မဖြစ်ပါဘူး။ ပရုတ်ဆီတွေ ရှူလွန်းအားကြီးရင်လည်း လည်ချောင်းမှာ ရှိန်းကိုတို့၊ ဖာလာတို့ဆိုတဲ့ သူတို့ရဲ့ ပါဝင်ပစ္စည်းတွေ က လည်ပြွန်တွေကို ထိခိုက်ပါတယ်။ သူတို့က သောက်ဆေးတွေ ရှူဆေးတွေ မဟုတ်ပါဘူး။ လိမ်းဆေးတွေပါ။ လိမ်းဆေး တွေကို ရှူလိုက်ခြင်းအားဖြင့် လည်ပြွန်တွေ ပျက်စီးသလို အဆုတ်ရောင် အဆုတ်နာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါ တွေက ရှူသွင်းလို့ မရပါဘူး။ လူတွေက ပရုတ်ဆီတွေ ရှူသွင်းတယ်။ တချို့ဆို ဆရာခိုတို့ အဆီဓာတ်ပါတဲ့ ဟာမျိုးတွေ ဆေးဝါးတွေကို သောက်ကြတယ်။ တကယ်တော့ အဲ့ဒါတွေက ဘာမှမဆိုင်ပါဘူး အသည်း အဆီဖုံးတာတို့၊ နှလုံးအဆီဖုံး တာတို့ကိုပါ ဆက်ဖြစ်စေနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဗီဇပြောင်းပိုး (၄) မျိုး တွေ့ရှိရပြီး UK Alpha၊ S.Africa Beta၊ India Delta နဲ့ Kappa ပိုးတို့ဖြစ်ပြီး COIVD-19 ကူးစက်ခံရသူ ဦးရေနှင့် သေဆုံးသူ ဦးရေတို့သည် နေ့စဉ်နှင့်အမျှ မြင့်တက်လျှက်ရှိသည်။
လက်ရှိတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကုသနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်း ဝယ်ယူထားပြီး ၂ သန်းမှာ တရုတ်အစိုးရက လှူဒါန်းထားသည့်အတွက် စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ သန်းစီစဉ်ထားကာ မြန်မာနိုင်ငံသို့ ၃ သန်းဝန်းကျင်ရောက်ရှိထား၍ ပြည်နယ်နှင့် တိုင်းဒေသကြီး တချို့သို့ ပေးပို့ကာ အသက် ၆၅ နှစ်အထက် အသက်ကြီးရွယ်အိုများကို ထိုးပေးနေပြီ ဖြစ်သည်။
#ကိုစောသော်ထက်
#သူနာပြု
#အနံ့ပျောက်
#သတိထားဖို့လို
#ကျန်းမာရေး
#ကိုဗစ်၁၉
#CNImyanmar
#cninews