CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃၁
သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ တတိယလှိုင်း ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် သတင်းအချက်အလက်ရရှိမ၍များ အားနည်းနေကြောင်း သိရသည်။
ထိုသို့ သတင်းအချက်အလက်ရရှိမှုကို ပြည်သူလူထုအပြင် ပြည်သူလူထုကို သတင်းအချက်အလက် ပြန်လည် မျှဝေပေးနေသည့် သတင်းမီဒီယာများလည်း သတင်းအချက်အလက်ရရှိမှု အားနည်းနေခြင်းကြောင့် ပြန်လည် တင်ပြရန် ခက်ခဲနေကြောင်း သတင်းသမားတစ်ဉီးက ပြောသည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အစည်းအဝေးတစ်ခုတွင် အောက်ဆီဂျင် အပြည့်အဝ ရှိသည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့ မြေပြင်တွင် အောက်ဆီဂျင်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။
ဒေါက်တာ စိုးထွန်းက “လူကြီးတွေ အကုန်လုံးကလည်း ဒီသတင်းအချက်အလက်အမှန် မသိကြဘူး။ လက်ရှိ ကျန်းမာရေးမှာ တချို့က ပြောနေတာရှိတာပေါ့နော်။ လက်တွေ့ အောက်ခြေမှာ ဖြစ်နေတဲ့ဟာမျိုးကို မသိကြဘူး။ Information မပေး တာလည်း ပါတယ်ပေါ့”ဟု ပြောသည်။
ဆက်လက်ပြီး ဒေါက်တာ စိုးထွန်းက “ကျနော်တို့ဆီမှာ ခေတ်အဆက်ဆက်က အဲလိုမျိုးတွေ ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်က မပြောဘူး။ ပြောလိုက်လို့ ပြဿနာတက်သွားတာတွေလည်း ရှိတယ်။ အမှန်တော့ ဒါကိုကပြဿနာ ရှိနေတာ။ ကျနော်တို့က အဲတာကို ကိုယ်ချင်းစာတယ်။ မီဒီယာတွေကို တတ်နိုင်သမျှ အချိန်ပေးဖြေတယ်။ ဆရာ ကြီး လုပ်တာတော့ မဟုတ်ဘူး။ သူတို့ ကိုယ်တိုင်ကလည်း တစ်ယောက်ယောက် မပြောရင် Quote မလုပ်ရင် ပြောစရာက မရှိဘူး ဖြစ်နေတယ်”ဟု ပြောသည်။
ကိုဗစ် ၁၉ နှင့် ပတ်သက်၍ သတင်းရယူမှုအပေါ် ကျန်းမာရေးဌာနကို အချိန်မရွေး ဆက်သွယ်၍ မရပဲ အချိန် အကန့်အသတ်ဖြင့်သာ ဆက်သွယ်ရသည်ဟု သတင်းထောက်တစ်ဦးဖြစ်သူ ကိုဇော်ထွန်း (အမည်လွှဲ)က ပြော သည်။
သတင်းထောက် ဇော်ထွန်း (အမည်လွှဲ)က “ကျန်းမာရေးဌာနနဲ့ ဆက်သွယ်တာတော့ မြန်မြန်တော့ မရဘူးဗျ။ မနက်ပိုင်း အစည်းအဝေးရှိတဲ့အတွက် ညနေ ပိုင်းမှာ ဆက်ပါလို့ ပြောတာတွေ ရှိတာပေါ့၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့။ အဲလိုအချိန်မျိုးတွေ ဖုန်းကိုဆက် ဖို့ အခက်အခဲတော့ ရှိတာပေါ့။ အချိန်မရွေးတော့ ဆက်သွယ်ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ တော့ ယူလို့ မရဘူးပေါ့။ ရုံးဖွင့်ရက်တွေဆို ညနေပိုင်းလောက်မှပဲ ဆက်လို့ရတယ်။ မနက်ပိုင်းဆိုရင်တော့ သိပ် ပြီးတော့ ကျန်းမာရေးသတင်း Up to Date တွေ ကျနော်တို့ ပြည်သူကို ပြန်ချပြဖို့တော့ လိုအပ်ချက်တွေ ရှိတာ ပေါ့နော်”ဟု ပြောသည်။
ကိုဗစ်-၁၉ တတိယလှိုင်းသည် အမျိုးသားလုံခြုံရေးကို ထိခိုက်လာသည့် အခြေအနေထိပင်ဖြစ်လာနေသည်ဟု နိုင်ငံရေးအသိုင်းအဝန်းတွင် ပြောနေသည့်တိုင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကို သတင်းဌာနများမှ ဆက် သွယ်မေးမြန်းသည့်အခါ စနေ့၊ တနင်္ဂနွေနေ့များတွင် အင်တာဗျူးပေးလေ့မရှိဟုပင် ပြန်လည် ပြောသည်များ ဖြင့် ကြုံတွေ့နေကြရသည်။ထို့ပြင် သတင်းဌာနများမှ ဌာနဆိုင်များကို ဆက်သွယ် မေးမြန်းသည့်အခါမှာလည်း တာဝန်ရှိသူများက ဖြေကြားခြင်းမရှိကြဘဲ ရှောင်လွှဲခြင်းဖြင့် ကြုံနေကြရသည်။
လက်ရှိတွင် ပြည်သူလူထုသည် ကိုဗစ်-၁၉ ကာကွယ် တိုက်ဖျက်ရေးနှင့် ကုသစောင့်ရှောက်ရေး အပိုင်းကို မည်သို့ ပြင်ဆင်ထားကြောင်း သတင်းအချက်အလက်များ ရရှိမှု အားနည်းနေကြောင်း သိရသည်။
#ဒေါက်တာစိုးထွန်း
#သတင်းထောက်
#ကျန်းမာရေး
#ကိုဗစ်၁၉
#သတင်းအချက်အလက်
#ဌာနဆိုင်ရာ
#တာဝန်ရှိသူ
#အင်တာဗျူး
#မဖြေကြ
#ပြည်သူလူထု
#CNImyanmar
#cninews