CNI News
ဘန်ကောက် ဇူလိုင် ၃၁
ထိုင်းနိုင်ငံတွင် ဘန်စူးဂရင်းဘူတာရုံ၌ Covid ကာကွယ်ဆေးထိုးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ရာနှင့်ချီသော နိုင်ငံခြားသားများအတွက် တန်းစီကြိုတင်စာရင်းကို အကျင့်ပျက်ဝန်ထမ်းများက နေရာရောင်းစား၍ မသမာမှုပြုလုပ်ခဲ့မှု အသေးစိတ် စစ်ဆေးထွက်ပေါ်လာခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဇူလိုင် ၃၁ ရက်၊ ယနေ့နံနက်တွင် ရေးသား ဖော်ပြသည်။
ဘန်ကောက်မြို့ရှိ ဘန်စူးဂရင်းဘူတာရုံတွင် Covid-19 ကာကွယ်ဆေးထိုးရန် ကိုတာစာရင်းပေးထားသည့် ကြိုတင်နေရာ ပေါင်း ၆၀၀၀ ကျော်ကို ကွန်ပျူတာစနစ်သုံး ဝန်ထမ်း ၁၉ ဦးတို့က မသမာမှု ပြုလုပ်ထားကြောင်း ရဲတပ်ဖွဲ့က စုံစမ်း ဖော်ထုတ် ရာမှ လိမ်လည်ထားသည့် စာရင်း အချက်အလက်များ စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
လိမ်လည်မှုစွပ်စွဲချက်သည် ရှုပ်ထွေးသော်လည်း တိကျသေချာစွာ စုစည်း၍ အမှုတည်ဆောက်ထားကြောင်း၊ ယင်းအမှုကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(CIB)က ကိုင်တွယ်နေပြီဖြစ်ကြောင်း မီးရထားရဲမှူး အမ်နက်ထရိုင်ပေါ့ဂျ်က ပြောသည်။
CIB အကြီးအကဲ ဒုတိယရဲချုပ်ကြီး တော်ဆက်ဗီမောက ကာကွယ်ဆေးထိုးရန် တန်းစီကြိုတင်စာရင်း မှတ်ပုံတင်ရာတွင် ပါဝင် သူများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ လူ ၂၀ ကျော်ကို စစ်ကြော မေးမြန်းပြီး ဖြစ်ကြောင်းလည်း တော်ဆက်ဗီမောက ပြောသည်။ စစ်ကြောမေးမြန်းပြီးသူများထဲတွင် ဆေးဝန်ထမ်းဦးစီးဌာနမှ အရာထမ်းများ၊ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ ဝန်ထမ်းများနှင့် ရက်ချိန်းယူလျက် ကာကွယ်ဆေးထိုးနှံပြီးသူများ ပါဝင်သည်။ ထို့ပြင် နောက်ထပ် မေးမြန်းရမည့် သူများကိုလည်း ခေါ်ရလိမ့်မည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ မည်သူကိုမျှ စွဲချက် မတင်ရသေးကြောင်း ၎င်းက ရှင်းပြသည်။
“လောလောဆယ် ဒီစာရင်းလိမ်လည်မှုမှာ လူဘယ်နှယောက် ပါဝင်ပတ်သက်သလဲဆိုတာ ကျနော်တို့ မပြောနိုင်သေးပါဘူး။ ကနဦး စုံစမ်းစစ်ဆေးမှုမှာတော့ ကာကွယ်ဆေးထိုးဖို့ ကြိုတင် ဘိုကင်စာရင်းလိမ်လည်မှုမှာ အတွင်းလူရော အပြင်လူရော ပါနေတယ်ဆိုတော့ ပြောလို့ရပါတယ်” ဟု CIB အကြီးအကဲက ဆိုသည်။
Source: Bangkokpost
#Bangkok
#ဘူတာရုံ
#ကာကွယ်ဆေး
#covid19
#registration
#information
#ထိုးနှံမှု
#ကွန်ပျူတာစနစ်
#လိမ်လည်မှု
#မသမာ
#အကျင့်ပျက်ဝန်ထမ်း
#BangSueGrand
#foreingners
#CNImyanmar
#cninews