CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၃၀
သတင်းဌာနများကနေတဆင့် ကျန်းမာရေး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ကာ ပြည်သူလူထု ကျန်းမာရေး အသိမြင့်မားရေးဖြန့်ဝေပေးသူ ဒေါက်တာမြင့်ဦး (ဂျီပီ)သည် ယနေ့ (ဇူလိုင် ၃၀ ရက်)တွင် ကိုဗစ် ရောဂါဖြင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှာ ကွယ်လွန်သွားပြီး ဖြစ်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း များထံမှ သိရသည်။
ဒေါက်တာမြင့်ဦး (ဂျီပီ)၏ သမီးဖြစ်သူက ဇူလိုင် ၂၈ ရက်က “ ဒေါက်တာမြင့်ဦး (ဂျီပီ)သည် New Yangon General Hospital တွင် ဆေးရုံတက်ရောက်လျက်ရှိသည်မှာ ရက်အတော်ကြာနေပါပြီ။ အဖေရေ အားတင်း ထားပါ၊မုန်းတိုင်းပြီးရင် လေပြည်လာစမြဲပါ အဖေ”ဟု ဒေါက်တာမြင့်ဦး၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသား ဖော်ပြခဲ့သည်။
ထို့နောက် ဇူလိုင် ၃၀ ရက်တွင် ဒေါက်တာမြင့်ဦး(ဂျီပီ)သည် ကွယ်လွန်သွားပြီး ဖြစ်ကြောင်း၊ ဒေါက်တာမြင့်ဦး (ဂျီပီ)အား လေးစားကြသူများကလည်း သက်ဆိုင်ရာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်များကနေ ဝမ်းနည်းကြောင်း နှင့် မိသားစုများကို အားပေးနှစ်သိမ့်ကြောင်း ရေးသားခဲ့ကြသည်။
ဒေါက်တာမြင့်ဦး(ဂျီပီ)သည် ကိုဗစ် ကူးစက်မှု အခြေအနေများနှင့် ကာကွယ်ရေး နည်းလမ်းများကို အသိပညာ ပေး ဟောပြောပေးလေ့ရှိသလို တခြားသော ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သော အကြောင်းအရာများကို လည်း မီဒီယာများကနေတဆင့် ဟောပြောပေးလေ့ရှိသည်။
#ဒေါက်တာမြင့်ဦး(ဂျီပီ) #ကွယ်လွန် #ကိုဗစ်၁၉ #ကျန်းမာရေး #ဟောပြောသူ #CNImyanmar #cninews