CNI News

၂၀‌၂၁ ခုနှစ်၊ ဇူလိုင် ၃၀

လက်ရှိ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါလျှင်မြန်စွာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလျက်ရှိနေသောကြောင့် ရောဂါနှင့် ပတ်သက် ပြီး ကုသရေးအတွက် အထောက်အထားခိုင်လုံစွာ တင်ပြနိုင်ပါက ကန့်သတ် ပမာဏထက် ကျော်လွန်ပြီး ငွေထုတ် ယူခွင့်ပြု ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာထားသည်။

ကိုဗစ်ရောဂါ ကုသရာတွင် အသုံးပြုသည့် ဆေးဝါးများ၊ အောက်ဆီဂျင်အိုး၊ Oxygen Plant နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်၊ ဆေးရုံ၊ ဆေးခန်းနှင့် Quarantine Center များအတွက် အသုံးစရိတ်များ ကျခံသုံးစွဲရန်တို့အတွက် အထောက်အထား ခိုင်လုံ စွာ တင်ပြနိုင်ပါက သေချာစွာ စိစစ်ပြီး ဘဏ်ငွေစာရင်း အသီးသီးမှ ငွေသားထုတ်ယူခြင်းကို ကန့်သတ်ပမာဏထက် ကျော် လွန်ပြီး ထုတ်ခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ထိုသို့ ထုတ်ယူရာတွင် မိမိဘဏ်၏မူဝါဒအတိုင်း ငွေသားလက်ကျန်ပေါ်တွင် မူတည်ပြီး ငွေထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် ပြည်တွင်းရှိ ဘဏ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားသည်။

ဗဟိုဘဏ်က ဘဏ်ငွေစာရင်းအသီးသီးမှ ငွေသားထုတ်ယူရာတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်ကို အများဆုံး ကျပ်သိန်း ၂၀ ထုတ်ယူခွင့်ပြုပြီး ကုမ္ပဏီနှင့် အဖွဲ့အစည်းများအတွက် တစ်ပတ်ကို အများဆုံးကျပ် သိန်း ၂၀၀ ထုတ်ယူခွင့် ရှိကြောင်း သတ်မှတ်ထားသည်။

စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “ကန့်သတ်ချက်ကို သူတို့အနေနဲ့ ဖြေလျော့ပေးတာတော့ ကောင်းပါတယ်။ ဒါပါလို့လည်း ထုတ်လို့ရမလားဆိုတော့ ထုတ်ဖို့ မလွယ်ပါဘူး။ အရင်ကန့်သတ်ထားတဲ့ တစ်ပတ်ကို ကုမ္ပဏီတစ်ခု ကျပ်သိန်း ၂၀၀ တို့၊ လူတစ်ဦး ကျပ်သိန်း ၂၀ တို့ တကယ်တမ်း အဲဒါတောင် ဘယ်ဘဏ်မှ ထုတ်မပေးနိုင်ဘူး။ အစိုးရဘဏ်တောင်မရဘူး။ အဲဒီတော့ ဒီထက်ပိုပြီး ထုတ်ဖို့ နေနေသာသာ သူတို့သတ်မှတ်တာတောင် ထုတ်မရတာ ဒါကတော့ သိပ်တော့မထူးပါဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနှင့် ဘဏ်များသို့ ငွေသားထုတ်ပေးမှု နည်းသည့် အခြေအနေရှိနေသည့် အတွက် ထောက်ခံချက်နှင့် သွားရောက်ထုတ်ယူလျှင်လည်း ရနိုင်မည့် အခြေအနေမရှိကြောင်း၊ ယခင်သတ်မှတ်ထားသည့် ပမာဏ ထုတ်ယူရန်ပင် ခက်ခဲနေသည့် အခြေအနေတွင် ယင်းပမာဏထက် ကျော်လွန်ထုတ်ယူရမည်ဆိုသည်မှာ ခက်ခဲကြောင်း ၎င်း က ရှင်းပြသည်။

ဒေါက်တာစိုးထွန်းက “ကျနော်တို့ဆိုရင် ဘယ်ဘဏ်မှ အခုချိန်ထိ ကျပ်သိန်း ၂၀၀ ထုတ်လို့ မရသေးဘူး။ အစိုးရဘဏ်ရော၊ ပုဂ္ဂလိက ဘဏ်ရော မရဘူး။ ထုတ်စရာ ငွေမရှိဘူး ပြောတယ်။ ဘဏ်ကနေ ငွေထုတ်လို့မရတာက ပြဿနာတစ်ခုအနေနဲ့ ရှိပါတယ်။ အခုကာလမှာ ပစ္စည်းတော်တော်များများကလည်း ငွေသားပေးချေမှပဲ သုံးလို့ရတယ်။ ငွေသားလိုအပ်ချက်ရှိတယ်။ အဲဒီတော့ ဗဟိုဘဏ်အနေနဲ့က လောလောဆယ် ဖြေလျော့တဲ့နည်း စာထုတ်တာထက် တစ်ခုကောင်းတယ်။ဒါပေမယ့် လက် တွေ့ ကျကျ ငွေထုတ်ဖို့အတွက် ပိုက်ဆံပေးဖို့ လိုတယ်”ဟု ပြောသည်။

ဥပမာအားဖြင့် ဗဟိုဘဏ်အနေနှင့် စာထုတ်ပြီးလျှင် ထုတ်ပြန်ချက်အတိုင်း ပြည်သူများ ငွေထုတ်မရပါက မည်သူသို့ တိုင်ကြား ရမည် ဆိုသည့် အချက်များကို ထည့်သွင်းခြင်းက ပို၍ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း သိရသည်။

အင်းစိန်မြို့နယ်ရှိ ကိုဗစ်ရောဂါ ခံစားနေရသူတစ်ဦးက “ဆေးရောဂါကုဖို့အတွက် ကိုယ်ပိုင်တဲ့ငွေကို ဘဏ်စာရင်းက ထုတ်ယူ တာ ထောက်ခံစာ သွားလုပ်ရဦးမယ်၊ ဒါတောင် သေချာစိစစ်ပြီးမှ ထုတ်ပေးမှာဆိုတော့ ငွေတကယ်လိုနေလည်း ဘဏ်ငွေ ထုတ်ရဖို့က လွယ်မှာမဟုတ်ဘူး”ဟု ပြောသည်။

ယခုအချိန်တွင် ပြည်သူများ၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများ ကြားတွင် ငွေသားရှားပါးမှု ပြဿနာနှင့် ကြုံတွေ့နေရပြီး Bank Account ထဲရှိ ငွေများကို ပြင်ပတွင် ထုတ်ယူရာတွင် ရာခိုင်နှုန်း တချို့ပေးကာ ငွေသားနှင့် လဲလှယ် သုံးစွဲနေရသည့် အခြေအနေများ ရှိနေသည်။

#ဗဟိုဘဏ်
#ကိုဗစ်လူနာ
#ထောက်ခံချက်နဲ့ငွေထုတ်နိုင်
#ဒေါက်တာစိုးထွန်း
#စီးပွားရေး
#ကျန်းမာရေး
#ကိုဗစ်၁၉
#ဘဏ်
#CNImyanmar
#cninews
#ChannelNewsIndependent