CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁

မျိုးရိုးဗီဇပြုပြင်ထားသော ဝက်၏ နှလုံးကို လူသားလူနာတစ်ဦးထံသို့ အမေရိကန်ခွဲစိတ်ဆရာဝန်များက အောင်မြင်စွာ အစားထိုးခွဲစိတ်ထည့်သွင်းပေးနိုင်ခဲ့ကြောင်း မေရီလန်းဆေးတက္ကသိုလ်က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ဖော်ပြသည်။

အဆိုပါခွဲစိတ်ကုသမှုကို ဇန်နဝါရီ ၇ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိရစ္ဆာန်နှလုံးကို ချက်ချင်း လက်ငင်း ဖယ်ရှား ခြင်းမရှိဘဲ လူ့ခန္ဓာကိုယ်ထဲ ရှင်သန်အလုပ်လုပ်နိုင်ကြောင်း ပထမဆုံးအကြိမ် သရုပ်ပြနိုင်ခဲ့သည်ဟု အဆိုပါ ဆေးတက္ကသိုလ်၏ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ခွဲစိတ်ကုသခံယူခဲ့သော လူနာ ဒေးဗစ်ဘန်းနက် (David Bennett) သည် လူ့အင်္ဂါအစိတ်အပိုင်းများဖြင့် အစားထိုး ကုသနိုင်ရန် အရည်အသွေးမပြည့်မီဟု မှတ်ယူခြင်းခံရသူဖြစ် သည်။

အသက် ၅၇ နှစ်အရွယ်ရှိ ဒေးဗစ်ဘန်းနက်သည် အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်တွင် နေထိုင်သူဖြစ်ပြီး နှလုံး အစားထိုးခွဲစိတ်ကုသမှုခံယူပြီးနောက် ၎င်း၏ကိုယ်အင်္ဂါအစိတ် အပိုင်း လုပ်ဆောင်ချက်များကို ဆေးပညာရှင်များ က အကဲဖြတ်ရန် ဂရုတစိုက်စောင့်ကြည့်နေကြသည်။

“သေချင်သေပါစေဗျာ …. ဒီအစားထိုးကုသမှုကို လုပ်ကြပါ။ ကျနော် အသက်ရှင်ချင်ပါတယ်။ အမှောင်ထဲ ပစ်ခတ် ခံရတော့မယ်မှန်း သိပါတယ်။ ဒါပေမယ့် အခုခွဲစိတ်ဖို့က ကျနော့်ရဲ့နောက်ဆုံးရွေးချယ်မှုပါပဲ” ဟု ခွဲစိတ်ကုသမှု ခံယူမီ တစ်ရက်အလိုတွင် လူနာ ဒေးဗစ်ဘန်းနက်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လပေါင်းများစွာက အသက်ကယ်ကိရိယာအကူအညီဖြင့် အိပ်ရာထဲ လဲနေခဲ့ရသူ ဘန်းနက်က “ကျနော် ပြန်ကောင်းလာပြီး အိပ်ရာထဲက ထနိုင်ဖို့ မျှော်လင့်နေမိတယ်ဗျာ” ဟု ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနသည် သမားရိုးကျ အစားထိုးကုသရန် မသင့်လျော်သည့် လူနာအတွက် နောက်ဆုံးမျှော်လင့်ချက်အဖြစ် မကြာသေးမီ နှစ်သစ်ကူးအကြိုနေ့က ယခုခွဲစိတ်ကုသမှုအတွက် အရေးပေါ်ခွင့်ပြုချက်တောင်းခံခြင်းကို လိုက်လျောပေးခဲ့သည်။

“အောင်မြင်တဲ့ခွဲစိတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကိုယ်တွင်းအင်္ဂါ ချို့တဲ့မှုပြဿနာကို ဖြေရှင်းဖို့ ခြေလှမ်းတစ်လှမ်း ပိုနီးလာပါပြီ” ဟု ဝက်နှလုံးကို လူ့ကိုယ်တွင်းသို့ အစားထိုးခွဲစိတ် ထည့်သွင်းပေးခဲ့သူ ဘတ်တလေးဂရစ်ဖစ် (Bartley Griffith) က ပြောကြားခဲ့သည်။

“ကျနော်တို့ သတိထားပြီး ကိုင်တွယ်နေတာပါ။ ဒါပေမယ့် အခုလို ကမ္ဘာ့ပထမဆုံးခွဲစိတ်မှုဟာ နောင်တစ်ချိန် ချိန်မှာ လူနာတွေအတွက် ရွေးချယ်စရာအသစ်တစ်ခု ပေးစွမ်းနိုင်မယ်လို့လည်း အပြုသဘော ရှုမြင်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဘန်းနက်အတွက် နှလုံးလှူဒါန်းခဲ့သည့် ဝက်သည် မျိုးရိုးဗီဇစိစစ်သည့်လုပ်ငန်းစဉ်တွင် သကြားဓါတ်တစ်မျိုး ထုတ်လုပ်သည့်မျိုးရိုးဗီဇကို ဖယ်ထုတ်ထားသော တိရစ္ဆာန်အုပ်စုအမျိုးအစားထဲမှ ဖြစ်ပြီး ထိုအခြေအနေမျိုးရှိသော ဝက်ဖြစ်မှသာ ပြင်းထန်သော ခုခံအားတုံ့ပြန်မှု ဖြစ်ပေါ်စေလျက် ကိုယ်တွင်းအင်္ဂါများ ဖယ်ရှားနိုင်ခြင်းကို ဦးတည် နိုင်မည်ဟု သိရှိရသည်။

မျိုးရိုးဗီဇစိစစ်သည့်လုပ်ငန်းစဉ်ကို ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Revivicor က ဆောင်ရွက်ပေးခဲ့ပြီး ယမန်နှစ် အောက်တိုဘာတွင် နယူးယောက်မြို့ရှိ ဦးနှောက်သေဆုံးနေသော လူနာထံသို့ ကျောက်ကပ် အစားထိုး ကုသပေးခဲ့ဖူးရာတွင် သုံးခဲ့သည့် ဝက်၏ အထောက်အကူကိုလည်း ရယူခဲ့သည်။

လှူဒါန်းရရှိသော ကိုယ်တွင်းအင်္ဂါကို ခွဲစိတ်ဆရာဝန်အဖွဲ့က အစားထိုးခွဲစိတ်မှုမပြုမီ ထိန်းသိမ်းထားရန် စက် ကိရိယာများဖြင့် စနစ်တကျသိမ်းဆည်းရပြီး လူနာ၏ခုခံအားစနစ်ထိန်းချုပ်လျက် သမားရိုးကျ ဆေးဝါးများ မသုံးစွဲဘဲ ဆေးဝါးအသစ်များကိုသာ သီးသန့်သုံးစွဲခဲ့ကြသည်။

လက်ရှိကာလတွင် အမေရိကန်နိုင်ငံသား ၁၁၀,၀၀၀ ခန့်သည် ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုကို စောင့်ဆိုင်း နေကြပြီး အစားထိုးကုသမှုမရရှိခြင်းကြောင့် နှစ်စဉ်လူနာ ၆၀၀၀ ကျော်သေဆုံးနေရကြောင်း တရားဝင် ထုတ်ပြန် သည့်စာရင်းများအရ သိရသည်။

ထိုသို့ ဆေးသိပ္ပံကဏ္ဍ၏လိုအုပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဆရာဝန်များသည် xenotransplantation (သို့မဟုတ်)မျိုးစိတ်များဖြတ်ကျော်ခြင်းဟုခေါ်သည့် ၁၇ ရာစုမှ ကိုယ်တွင်းအင်္ဂါများ လှူဒါန်းသည့် အလေ့အထ ကို ပြန်လည်ခြေရာခံလျက် စမ်းသပ်ချက်များကို နှစ်ရှည်လများ စိတ်ပါဝင်စားစွာဖြင့် စူးစမ်းခဲ့ကြသည်။

ယနေ့ခေတ်တွင် ဝက်၏နှလုံးအဆို့ရှင်များကို လူသားများကိုယ်ခန္ဓာထဲတွင် တွင်ကျယ်စွာ အစားထိုး ထည့်သွင်းနိုင် သလို ဝက်သားရေကိုလည်း မီးလောင်ခံရသည့်လူနာများ၏ အရေပြားပေါ် အစားထိုးဖုံးလွှမ်းနိုင်ပြီဖြစ်သည်။

Source: AFP, Bangkok Post