CNI International News
ဟူစတန်(အမေရိကန်)၊ ဒီဇင်ဘာ ၂၆
Covid-19 အိုမိုက်ခရွန်မျိုးကွဲ ပျံ့နှံ့မှုကြောင့် ဝန်ထမ်းအင်အားလျော့ပါးနေ၍ ယခု ခရစ္စမတ်သီတင်းပတ်အတွင်း ကမ္ဘာတလွှား လေကြောင်းကုမ္ပဏီများအနေဖြင့် လေယာဉ်ခရီးစဉ်ပေါင်း ၄၅၀၀ ကျော် ဖျက်သိမ်းခဲ့ရသည့်အတွက် လေဆိပ်အများအပြား ဖရိုဖရဲဖြစ်ခဲ့ရကြောင်း rt.com က ရေးသားဖော်ပြသည်။
လေကြောင်းလုပ်ငန်းများအကြောင်း မှတ်တမ်းတင်စုဆောင်းနေသည့် အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့အခြေစိုက် FlightAware ကုမ္ပဏီ၏အဆိုအရ ခရစ္စမတ်အကြိုကာလ၌ တကမ္ဘာလုံးအတိုင်းအတာြဖင့် လေယာဉ်ခရီးစဉ်ပေါင်း ၂၃၈၀ ကျော် ရပ်ဆိုင်းခဲ့ပြီး အခြားလေယာဉ်ခရီးစဉ် ၁၁,၁၆၃ ခုမှာလည်း နှောင့်နှေးကြန့်ကြာမှုများ ကြုံခဲ့ရ ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ မွန်းလွဲပိုင်းအထိ လေကြောင်းခရီးစဉ် ၂,၃၈၈ ခုရှိခဲ့ပြီး နှောင့်နှေးကြန့်ကြာမှု ၂,၅၇၉ ခုရှိခဲ့သည်။ (ယနေ့) ဒီဇင်ဘာ ၂၆ ရက်အတွက် နောက်ထပ် ခရီးစဉ် ၇၄၇ ခုမှာလည်း မရေမရာဖြစ်ခဲ့သည်။
အမေရိကန်လေဆိပ်များ၌ လေကြောင်းခရီးစဉ်ဖျက်သိမ်းမှုအားလုံး၏ လေးပုံတစ်ပုံကျော်သည် United Airlines နှင့် Delta လေကြောင်းလုပ်ငန်းများအတွက် ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရသည်။ ဒီဇင်ဘာ ၂၄ ရက်တွင် အမေရိကန်၌ လေကြောင်းခရီးစဉ် ၆၈၈ ခု ပျံသန်းခဲ့ရာ နှစ်စဉ် ခရီးသွားရာသီ၏ ခရီးစဉ်အများဆုံးအရေအတွက် ၉၈၀ နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
လေကြောင်းလိုင်း ၅ ခုမှာ ခရီးစဉ်အများစု ဖျက်သိမ်းခဲ့ရပြီး China Eastern ကုမ္ပဏီကတော့ ယခုသီတင်းပတ် အကုန်ပိုင်းတွင် ခရီးစဉ်ပေါင်း ၁၂၀၀ ကျော် ရပ်ဆိုင်းခဲ့ရသည်။ အလားတူ Air China, United, Delta, Jet Blue နှင့် Lion Air တို့လည်း ခရီးစဉ်အများအပြား ဆိုင်းငံ့ခဲ့ရသည်ဟု FlighAware ၏အချိန်နှင့်တပြေးညီ အစီရင်ခံချက် အရ သိရသည်။
“ယခုသီတင်းပတ်မှာ အိုမိုက်ခရွန်ပျံ့နှံ့တဲ့ဒဏ်ကြောင့် ကျနော်တို့ လေယာဉ်ဝန်ထမ်းတွေနဲ့ လုပ်ငန်း လည်ပတ် နေသူတွေအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်” ဟု United လေကြောင်းကုမ္ပဏီက ဒီဇင်ဘာ ၂၄ ရက်၌ သတင်းထုတ်ပြန်ခဲ့ပြီး စီးနင်းလိုက်ပါလိုသည့် ခရီးသည်များကို ပြန်လည်စာရင်းသွင်းပေးရေး လုပ်ဆောင် နေသည်ဟု အသိပေးကြေညာခဲ့သည်။
Delta ကုမ္ပဏီကလည်း လေယာဉ်နှင့်အမှုထမ်းများကို လမ်းကြောင်းပြောင်းခြင်းနှင့် အစားထိုးရခြင်းတို့ကြောင့် ၎င်း၏ခရီးသည်များကို တောင်းပန်ခဲ့သည်။ ၎င်းကုမ္ပဏီအနေဖြင့် အိုမိုက်ခရွန်ရောဂါပိုးပျံ့နှံ့မှုနှင့် ရာသီဥတု ဆိုးရွားမှုတို့ကြောင့်ဟု ခရီးစဉ်များ ဖျက်သိမ်းရခြင်းဖြစ်သည်ဟု အကြောင်းပြထားသည်။
Source: rt.com