CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၂၃

တရုတ်နိုင်ငံမြောက်ပိုင်း စီယန် (Xi’an) မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်မှု တဖန်များပြားလာပြီးနောက် ရပ်ကွက်များ၊ လုပ်ငန်းခွင် များတွင် လူပေါင်း ၁၃ သန်းခန့်ကို lockdown ကန့်သတ်တားဆီးထားရန် အစိုးရက အမိန့်ထုတ်ခဲ့ကြောင်း အေပီသတင်းတွင် တွေ့ရသည်။

ဆောင်းရာသီ အိုလံပစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရက်သတ္တပတ် အနည်းငယ်အလိုတွင် အဆိုပါအမိန့် ထုတ်ခဲ့ခြင်း ကြောင့် လူအများ အထိတ်တလန့်ဖြစ်၍ အလုအယက် ဈေးဝယ်မှုများ ရှိခဲ့ကြောင်း  သိရသည်။

စီယန်မြို့သူ/မြို့သားများ အနေဖြင့် အထူးကိစ္စများမှလွဲ၍ အကြောင်းပြချက်မရှိဘဲ အိမ်အပြင် မထွက်ကြရန်နှင့် မြို့တွင်း သွားလာမှုအားလုံး ရပ်ဆိုင်းထားရန် မြို့အာဏာပိုင်များက ညွှန်ကြားထားကြောင်း တရုတ်အစိုးရအာဘော် မီဒီယာက သတင်းဖော်ပြခဲ့သည်။

အိမ်ထောင်စုတစ်ခုလျှင် လူတစ်ဦးသာ အိမ်သုံးပစ္စည်းများ ဝယ်ယူရန် နှစ်ရက်တစ်ကြိမ်သာ ပြင်ပသို့ ထွက်ခွာခွင့်ပြုမည်ဟု အမိန့်ထုတ်ခဲ့ပြီး ယင်းအမိန့်သည် ဒီဇင်ဘာ ၂၂ ရက် သန်းခေါင်ယံအချိန်မှ စတင်အသက်ဝင်ခဲ့ရာ မည်သည့်ကာလတွင်မှ ပြန်လည် ရုတ်သိမ်းမည်ကိုမူ ထည့်သွင်းကြေညာခြင်းမရှိပေ။

ယခု တကျော့ပြန် ကူးစက်နေသော ကိုဗစ်ရောဂါပိုးသည် အိုမိုက်ခရွန်မျိုးကွဲ (သို့မဟုတ်) အဖြစ်များခဲ့သော ဒယ်လ်တာမျိုးကွဲ ဟုတ်/မဟုတ်လည်း ရှင်းရှင်းလင်းလင်း မသိရပေ။

တရုတ်နိုင်ငံတစ်ဝန်း အိုမိုက်ခရွန် ဖြစ်ပွားမှု ၇ ခုသာ သတင်းထုတ်ပြန်ခဲ့ရာ ကွမ်ကျိုးပြည်နယ်တောင်ပိုင်း ကုန်ထုတ်လုပ်ရေး ဌာန၌ ၄ ခု၊ တရုတ်တောင်ပိုင်း ချန်ရှားမြို့တွင် ၂ ခုနှင့် မြောက်ပိုင်း တီယန်ကျင်း ဆိပ်ကမ်းတွင် ၁ ခု အသီးသီး ဖြစ်ကြသည်။

လူမှုကွန်ရက်များတွင် ကုန်စည်နှင့်အိမ်သုံးပစ္စည်းများ အလုအယက်များ ဖြစ်ပေါ်ခဲ့၍ ထောက်ပံ့ပို့ဆောင်ရေး ထပ်မံ ပံ့ပိုးပေး မည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

ပုံ-ကိုဗစ်-၁၉ စစ်ဆေးနေစဉ်။(AP)

ဒီဇင်ဘာ ၂၃ ရက် (ယနေ့) တွင် တရုတ်လူမှုကွန်ရက်များ၌ ပို့စ်တင်ကြသူများက ၎င်းတို့နေထိုင်ရာ အိမ်ခြံဝင်းအတွင်းမှာပင် သွားလာလှုပ်ရှားခွင့်ရပြီး အခြေအနေမှာ ငြိမ်သက်နေဆဲဖြစ်ကြောင်း ရေးသားခဲ့ကြသည်။

စီယန်မြို့တွင် ဒီဇင်ဘာ ၂၃ ရက်က ဒေသတွင်း ကူးစက်ခံရသူအသစ် ၆၄ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း စုစုပေါင်း ကူးစက်မှုခံသူ ၂၁၁ ဦးအထိ တိုးလာခဲ့သည်။ စီယန်သည် ရှန်ရှီးပြည်နယ်၏ မြို့တော်ဖြစ်ပြီး ရှေးဘုရင်များ ၏ အမွေအနှစ်များကြောင့် ကျော်ကြားသည့်အပြင် စက်မှုလုပ်ငန်းများ၏ အချက်အချာနေရာလည်း ဖြစ်သည်။

အစိုးရသည် ရှန်ဟိုင်းမြို့အနီးရှိ ကျို့ကျောင်း (Zhejiang) ပြည်နယ်အရှေ့ပိုင်းရှိ မြို့အများအပြားတွင် ရောဂါဖြစ်ပွားမှုကို ကိုင်တွယ် ဖြေရှင်းနေဆဲဖြစ်ပြီး သီးသန့်ခွဲခြားနေထိုင်မှု အစီအမံများကို သိသာစွာ ပစ်မှတ်ထားနေသည်။

မကြာခဏ lockdown ချခြင်း၊ လူတိုင်း နှာခေါင်းစည်း ဝတ်ဆင်စေခြင်းနှင့် လူအစုလိုက်အပြုံလိုက် စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်၍ တရုတ်အစိုးရက ကူးစက်ရောဂါ သုညအမှတ်အထိ ရောက်ရှိစေရန် မူဝါဒဖြင့် တင်းကျပ်သော ရောဂါထိန်းချုပ် အစီအမံများ ချမှတ်ထားသည်။

ခရီးသွားလာရေးနှင့် ကုန်သွယ်ရေးကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေသဖြင့် ၎င်းမူဝါဒမှာ အပြည့်အဝ မအောင်မြင် သော်လည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုကို အထူးထိန်းချုပ်နိုင်ကြောင်း ဘေဂျင်းက အမွှမ်းတင်ခဲ့သည်။

လာမည့် ဖေဖော်ဝါရီ ၄ ရက် ဘေဂျင်း ဆောင်းရာသီအိုလံပစ်ပွဲ မစတင်မီ ရက်ပိုင်းအတွင်း အဆိုပါ အစီအမံများကို တိုးမြှင့် လုပ်ဆောင်ခဲ့သည်။

စီယန်မြို့ရှိ ကန့်သတ်ချက်များသည် ၂၀၂၀ ပြည့်နှစ်၊ ဝူဟန်အလယ်ပိုင်းနှင့်အနီးတဝိုက်တွင် လူပေါင်း ၁၁ သန်းကျော်ကို တင်းကျပ်သော lockdown ချမှုပြီးလျှင် ယခုဒုတိယအကြိမ် အပြင်းထန်ဆုံးဖြစ်သည်။

တရုတ်နိုင်ငံတွင် Covid-19 ကူးစက်ခံရသူ စုစုပေါင်း ၁၀၀,၆၄၄ ဦးအနက် ၄,၆၃၆ ဦးမှာ သေဆုံးခဲ့သည်။

Source: AP