တိုကျို၊ ဒီဇင်ဘာ ၂၇

ပြည်ပမှ ဝင်ရောက်လာသူများအတွက် နယ်စပ်ယာယီပိတ်ခြင်း အပါအဝင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အစီအမံများ ကြောင့် ဂျပန်မဲဆန္ဒရှင်ပြည်သူ သုံးပုံနှစ်ပုံနီးပါးက ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကို ထောက်ခံကြိုဆိုကြကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားသည်။

ကီရှီဒါ၏ အစိုးရကို ထောက်ခံမှုသည် ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ယခင်လက စစ်တမ်း ကောက်ယူမှုထက် ၄ ရာခိုင်နှုန်း တိုးလာကြောင်း ၎င်းသတင်းစာ၌ ဆက်လက် ရေးသားထားသည်။

ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကောက်ယူခဲ့သော နောက်ဆုံးစစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၆၁ ရာခိုင်နှုန်းက ကီရှီဒါ၏ ကိုရိုနာဗိုင်းရပ်စ်အပေါ် ကိုင်တွယ်မှု ခြေလှမ်းများအား အပြုသဘောဖြင့် အကဲဖြတ်ခဲ့ကြသည်။

အဆိုပါ ကိန်းဂဏန်းသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီကတည်းက အစိုးရ၏ ကပ်ရောဂါ ကိုင်တွယ်မှုအပေါ် လူထုသဘောထား အမြင် ကောက်ယူခဲ့သည့် ကာလတလျှောက်၌ အမြင့်ဆုံး ကိန်းဂဏန်းဖြစ်သည်။

ပုံ- ဂျပန်ပြည်သူများကိုတွေ့ရစဉ်။(AP)

ကမ္ဘာတစ်ဝန်း ကူးစက်မှု ပိုမိုမြန်ဆန်သည့် အိုမိုက်ခရွန်မျိုးကွဲ ပေါ်ပေါက်လာချိန်တွင် ကီရှီဒါသည် နိုဝင်ဘာလကုန်ပိုင်း၌ ဂျပန်နိုင်ငံအတွင်းသို့ နိုင်ငံခြားဝင်ရောက်မှုကို တစ်လခန့် ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း နှစ်သစ်ကူး အားလပ်ရက်များအတွက် ကိုဗစ်တားဆီးရေး အစီအမံများ ထပ်မံချမှတ်ခဲ့သည်။

ကီရှီဒါသည် သူဝန်ကြီးချုပ် တာဝန်မယူခင် ယခင်ဝန်ကြီးချုပ်ဖြစ်သူ ယိုရှီဟီဒဲဆုဂနေရာကို အစားထိုး၍ အောက်တိုဘာလ တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ယခင်ဝန်ကြီးချုပ်သည် တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ရာထူးမှ နုတ်ထွက် သွားခဲ့သည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဂျပန်နိုင်ငံတွင် တစ်ရက်လျှင် ကိုဗစ်ကူးစက်သူအသစ် ရာနှင့်ချီ၍ တွေ့ရှိခဲ့ပြီး ဩဂုတ်လတုန်းကတော့ နေ့စဉ် ကူးစက်ခံရသူ အရေအတွက်မှာ ၂ သောင်းကျော်မှ သိသိသာသာ ကျဆင်းခဲ့သည်။

Source: Reuters