CNI News

၂၀‌၂၁ ခုနှစ်၊ ဇူလိုင် ၂၈

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော တရုတ်နိုင်ငံ ရွှေလီနှင့်ကျယ်ဂေါင်ရှိ မြန်မာအလုပ်သမားများကို ၎င်းတို့ဘက်တွင် အလုပ် ရုံ၊ စက်ရုံများ ပိတ်ရက်ရှည်ပိတ်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံဘက်သို့ တရုတ်အစိုးရက ပြန်ခိုင်းနေကြောင်း စုံစမ်း သိရှိ ရသည်။

ရွှေလီနှင့်ဂျယ်ဂေါင်မြို့ထဲရှိ စက်ရုံအလုပ်ရုံများကို ရက်ရှည်ပိတ်မည် ဖြစ်သောကြောင့် လက်ထဲတွင် တရုတ်ယွမ်ငွေ ၂ သောင်း မရှိသည့် မြန်မာလုပ်သားများကို ယခုလို တရားဝင် ထွက်သွားခွင့်ပေးခြင်းဖြစ်ပြီး ပုံမှန်ဝင်ငွေ မရှိသူ၊ တရားဝင် အထောက် အထား မရှိသူများအနေဖြင့် နေရပ်ပြန်ရန် အထူးတိုက်တွန်းကြောင်း တရုတ်အာဏာပိုင်များက ဇူလိုင် ၂၅ ရက်နေ့တွင် ထပ်မံ ထုတ်ပြန် ထားသည်။

“ဟိုဘက်မှာ နေဖို့၊ ထိုင်ဖို့က တရုတ်အစိုးရက တော်တော် တင်းတင်းကြပ်ကြပ်နဲ့ လုပ်နေတယ်။ သူတို့က နေထိုင်ခွင့် လက် မှတ် ၃ မျိုး ထုတ်ပေးထားတယ်။ အဲ့ဒါရှိရင်တော့ နေချင်နေ၊ ပြန်ချင်ပြန်ပေ့ါ။ ဒါပေမယ့် လက်မှတ်လုံးဝ မရှိတဲ့သူတွေက တော့ ပြန်ရမယ်။ ရှေ့ရက်တွေကဆိုရင် ပြန်ဖို့ လူတွေကို အဝတ်အစားကလွဲပြီး ဘာမှ ယူခွင့်မပေးပဲ ပြန်ရမယ်လို့ ပြောတာ။ မနေ့ကတော့ ပြန်တဲ့သူတွေမှာ ဆိုင်ကယ်တွေတော့ ပါလာတာတွေ့ရတယ်။ ရွှေလီနဲ့ ကျယ်ဂေါင်ထဲက လုပ်ငန်းခွင်တွေကို ရက်ရှည်ပိတ်မှာဖြစ်တဲ့အတွက် အခုလို တရားဝင် ထွက်ခွင့်ပေးတာ ဖြစ်တယ်”ဟု မူဆယ်မြို့ ပရဟိတလုပ်ငန်းလုပ်ကိုင် နေသူ စိုင်းခမ်း (အမည်လွှဲ)က လက်ရှိအခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံဘက်သို့ မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြန်မာနိုင်ငံသား သိန်းချီသည် ရွှေလီနှင့်ကျယ်ဂေါင်ရှိ စက်ရုံ-အလုပ်ရုံများတွင် သွား ရောက် အလုပ်လုပ်ကိုင်လျက်ရှိနေကြောင်း ၎င်းက ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံသားနှင့် လက်ထပ်ထားပြီး တရားဝင်နေထိုင်ခွင့် သက်တမ်းကျော်နေသူများကိုလည်း ပြန်ခိုင်းနေသည် ကို တွေ့ရကြောင်း၊ တရုတ်ဘက်မှ စက်ရုံအလုပ်ရုံများကို အနည်းဆုံး ၆ လဝန်းကျင်ခန့် ပိတ်မည်ဖြစ်ကြောင်း မူဆယ်မြို့ခံ များက ပြောသည်။

တရုတ်-မြန်မာနယ်စပ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ယခုလ ၈ ရက်က စတင်ပြီး တရုတ်-မြန်မာ နယ်စပ်ဂိတ် ပေါက်များကို တရုတ်ဘက်က ပိတ်ထားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်သို့ အလုပ်သမားများပြန်ရန်အတွက် နယ်စပ်ဂိတ်ပေါက်ကို မနက် ၈ နာရီကနေ နေ့လည် ၁၂ နာရီအထိ အချိန်သတ်မှတ်ထားပြီး မည်သည့်နေ့ကို နောက်ဆုံးထား အပြီးပြန်ရမည်ကိုဖြင့် ကန့်သတ်ထားခြင်း မရှိသေး ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံဘက်မှ မြန်မာလုပ်သားများ ပြန်လည်ဝင်ရောက်လာခြင်း အခြေအနေနှင့် ပတ်သက်ပြီး မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ CNI သတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

#တရုတ်
#မြန်မာ
#အလုပ်သမား
#နေရပ်ပြန်ခိုင်း
#ကျန်းမာရေး
#ကိုဗစ်၁၉
#CNImyanmar
#cninews