CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉
ပြည်ပမှ ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းရာတွင် အခက်အခဲမရှိစေပဲ ဈေးကွက်အတွင်း ဆေးဝါးများ ကုန်ပစ္စည်း မပြတ် လပ်စေရေး၊ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေး နှင့်ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေးအဖွဲ့ (Task force) ဖွဲ့စည်း ဆောက်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းလိုသော သူများအနေနှင့် အခက်အခဲ တစ်စုံတစ်ရာဖြစ်ပါက ရန်ကုန်လုပ်ငန်းအဖွဲ့ (Task force) နှင့် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းကော်မတီရုံးဖုန်းသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပြီး သက်ဆိုင်ရာဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သော တာဝန်ခံ Contact Person များကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကြေညာထားသည်။
လက်ရှိ ပြည်တွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းနှင့် သေဆုံးနှုန်းမှာ နေ့စဥ်နှင့်အမျှ မြင့်တက်နေသောကြောင့် ကိုဗစ်ရောဂါ ကာကွယ်ကုသရာတွင် အသုံးပြုသော အသုံး အဆောင်များ၊ ဆေးဝါးများ လိုအပ်လျက်ရှိနေသောကြောင့် ယခင်လများက ပင်လယ်ရေကြောင်းမှ ဆေးနှင့် ဆေးပစ္စည်းတင်သွင်းမှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုဇူလိုင်လ အတွင်း၌ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(MPA)က သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ တိုးသွင်းမှု မြှင့်တက်လာခြင်းမှာ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော လူနာများအတွက် ကုသရာမှာ လိုအပ်သည့် အောက်ဆီဂျင် ထုတ်လုပ်သော စက်ပစ္စည်းများဖြစ်သည့် Oxygen Plant များ၊ Oxygen Concentrator များ၊ တခြား ဆေးပစ္စည်းများနှင့် ဆေးဝါးများ တိုးမြှင့် တင်သွင်းလာခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အများပြည်သူ ရုံးပိတ်ရက်ကို သြဂုတ်လ ၁ ရက်နေ့အထိ ပိတ်ရက်ရှည် ထပ်တိုးသတ်မှတ်ထားသော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ခံ တံတား များ အစရှိသည့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ တခြားသော လူသုံးကုန် ပစ္စည်းများ တင်သွင်းခြင်း ကိစ္စရပ်များကို ရေကြောင်း၊ လေကြောင်း၊ နယ်စပ်လမ်းကြောင်းများမှ တဆင့် လွယ်ကူလျှင်မြန်စွာ တင်သွင်းနိုင်ရန်အတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
#ဆေးနှင့်ဆေးပစ္စည်းများ #လွယ်ကူစွာတင်သွင်းနိုင် #Taskforceဖွဲ့စည်း #စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန #ပြင်ပ #CNImyanmar #cninews