CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် - ၂၉
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ ဌာနချုပ် လွယ်တိုင်းလျဲန်း အပါအဝင် ထိန်းချုပ်ဒေသများမှာ ကိုဗစ် -၁၉ ကာကွယ်ဆေး အပြည့်အဝ မထိုးပေးနိုင်သေးကြောင်း RCSS ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။
RCSS အနေဖြင့် ကိုဗစ် -၁၉ စတင် ဖြစ်ပွားကတည်းက တားဆီး၊ ထိန်းချုပ်သည့် အဆင့်များ လုပ်ဆောင်ခဲ့ပြီး ကုသမှု အဆင့်နှင့် တိုက်ဖျက်သည့်အဆင့်မှာ လက်လှမ်းမမှီသေးဟု ဆို သည်။
“ကိုဗစ်ကာကွယ်ဆေးကို ထုထည်အများကြီးမှာပြီးတော့ လာထိုးပေးတာတော့ မရှိသေးဘူးခင်ဗျ။ တချို့နေရာတွေကျတော့ ရှိတော့ ရှိတာပေါ့နော်။ အများကြီးမှာပြီးတော့ ဆေးအလုံးရေ ဘယ်လောက်ဆိုပြီး မှာပြီးတော့ ထိုးပေးတာတော့ မရှိသေး ဘူး” ဟု ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။
ကိုဗစ် - ၁၉ ကူးစက်မှု တားဆီးနိုင်ရန် ထိန်းချုပ်သည့် အဆင့်များအပြင် လူကို ပညာပေးမှုများ၊ လော့ဒ်ဒေါင်းချမှုများနှင့် RCSS ထိန်းချုပ်ဒေသအများစုမှာ ကျေးလက်ဒေသများဖြစ်သည့်အတွက် မြို့ကနေလာသူများကို ကန့်သတ်ထားမှုများ ပြုလုပ်နေသည်ဟု ၎င်းက ဆက်လက် ပြောသည်။
“အများအားဖြင့် ၂ ဆင့်ပဲ လုပ်ရတယ်ခင်ဗျ။ တားဆီးတဲ့ အဆင့်ရယ်၊ ထိန်းချုပ်တဲ့ အဆင့်ရယ်ပေါ့။ ကုသတဲ့ အဆင့်မှာတော့ ချိတ်ဆက်ပြီးတော့ လုပ်တာရှိတယ်။ အပြည့်အဝတော့ မလုပ်နိုင်ဘူး။ ဒါကို ကျနော်တို့က တော်လှန်ရေး အဖွဲ့အစည်း ဆိုတော့ ပြည့်ပြည့်ဝဝ မလုပ်ဆောင်နိုင်သေးဘူး။ တန်ပြန်တိုက်ဖျက်တဲ့အဆင့်က လက်လှမ်းမမှီနိုင်သေးဘူး။ လုပ်တော့ လုပ်ဆောင်နေတယ် တတ်နိုင်သလောက်တော့” ဟု ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။
ပုံ-ကိုဗစ်ကာကွယ်ရေး RCSS ရဲဘော်တစ်ဉီးကို အပူချိန်တိုင််းနေစဉ်(Taifreedom)
ရှမ်းပြည်နယ်အတွင်း နေထိုင်သူများသည် စိုက်ပျိုးရေးကို အဓိက မှီခိုစားသောက်ရသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ယခု စိုက်ပျိုးရာသီ ရောက်ရှိလာသည့်အတွက် တောင်ယာသို့ သွားရောက်၍ ညအိပ်ကာ အလုပ်လုပ်နေသည့်အတွက် အများစုမှာ ကိုဗစ်ဖြစ်နိုင်ချေ နည်းပါးသွားသည်ဟု ၎င်းက ပြောသည်။
RCSS သည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊ မောက်မယ်၊ မိုင်းကောင်၊ နမ့်ဆန်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ် အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်းဒေသများတွင် လည်း စစ်ရေးလှုပ်ရှားလျက်ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် 'ဝ'ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA/UWSP)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ အထူးဒေသ (၄) မိုင်းလား (NDAA)၊ ကိုးကန့်လက်နက်ကိုင်တပ် (MNDAA)တို့ကတော့ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ၎င်းတို့ ထိန်း ချုပ် ဒေသတချို့တွင် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
RCSS/SSA အဖွဲ့ဝင်အဖြစ် ပါဝင်သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဉီးဆောင်အဖွဲ့(PPST)က ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ(CSMC)ကို ဖွဲ့စည်း၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အား ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
#ဗိုလ်မှူးစိုင်းခမ်းစံ #RCSS #ကိုဗစ်၁၉ #ကာကွယ်ဆေး #ထိုးနှံမှုမလုပ်နိုင်သေး #ရှမ်းပြည်နယ် #လက်နက်ကိုင် #မြန်မာနိုင်ငံ #CNImyanmar #cninews