CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉

အောက်ဆီဂျင်အိုးများ အဆမတန် ဈေးတက်နေခြင်းနှင့် ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည့်အပေါ် မိမိ၏ တဒင်္ဂ အကျိုးအမြတ်အတွက် အများသူ၏ အသက်ကို မစတေးပါနှင့်ဟု မြောက်ဒဂုံမြို့နယ် ပင်းယလမ်းတွင် စေတနာရှင်ပရဟိတအသင်း(ရန်ကုန်)မှ ဖွင့်လှစ်ထားသည့် Emergency Oxygen Care Center ၌ ကူညီပေးနေသူ သူနာပြု ကိုစောသော်ထက်က CNI သတင်းဌာနသို့ ပြောသည်။

“ပထမဆုံး ဈေးကစားတဲ့ သူတွေကို ပြောချင်တာက သူတို့ရဲ့စီးပွားရေးက အသက်နဲ့လဲ နေရတယ်လို့ ပြောချင် တယ်။ ကိုယ့်ရဲ့ တဒင်္ဂ အကျိုးအမြတ်အတွက်နဲ့ သူများတွေရဲ့ အသက်ကိုတော့ မစတေးပါစေနဲ့ပေါ့နော်။ အခုလို ဈေးကစားတဲ့ အချိန်မှာဆိုရင် ဟုတ်ပါတယ်၊ စီးပွားရေးပြေလည်တဲ့သူတွေက ၁၅ သိန်းဆိုလည်း ဝယ်နိုင်သလို ၁၈ သိန်းဆိုရင်လည်း ဝယ်နိုင်ပါလိမ့်မယ်။ ဘယ်လောက်ကုန်ကုန် အကုန်ခံနိုင်တဲ့မိသားစုက မြန်မာနိုင်ငံမှာ နည်း ပါတယ်။ မြန်မာနိုင်ငံက အောက်ခြေလူတန်းစားနဲ့ ရပ်တည်နေတဲ့နိုင်ငံပါ။ အဲ့လိုအခြေအနေမျိုးမှာ ဒီလိုငွေကြေး ကစားလိုက်ခြင်းအားဖြင့် ကျနော်တို့ရောဂါသည်တွေ လူမမာတွေရဲ့ အသက်ကို ကစားနေတာပါပဲ။ သူတို့ဈေး ကစားလေ ဒီဘက်အခြမ်းမှာ လူနာတွေရဲ့ အသေအပျောက်နှုန်းက များလေများလေ ဖြစ်လာမှာပါ” ဟု စောသော်ထက်က ဆိုသည်။ 

အောက်ဆီဂျင်အိုးများ၏ မူလတန်ဖိုးမှာ အိုးကြီးတစ်အိုးလျှင် တစ်သိန်း၊ 15 liter တစ်အိုးလျှင် ၆ သောင်းမှ ၈ သောင်းခန့်၊ 10 Liter တစ်အိုးလျှင် ၇ သောင်းခန့်သာရှိသော်လည်း လက်ရှိတွင် အောက်ဆီဂျင်အိုးသေး တစ်အိုး အား ငွေကျပ် ၈ သိန်းမှ ၁၀ သိန်းကျော်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

ပုံ-အောက်ဆီဂျင်အသုံးပြုရန် ပြင်ဆင်နေကြစဉ်

စေတနာရှင် ပရဟိတအသင်း(ရန်ကုန်)မှ ဇူလိုင် ၁၀ ရက်နေ့က စတင်ကာ ၎င်းတို့အသင်းရှိရာ မြောက်ဒဂုံမြို့နယ် ပင်းယလမ်းတွင် Emergency Oxygen Care Center ဖွင့်လှစ် ၍ အောက်ဆီဂျင်လိုအပ်သည့် လူနာများအား အောက်ဆီဂျင် ပေးရှူနေကြောင်း သိရသည်။

အဆိုပါ အသင်းသည် ယခင်က အောက်ဆီဂျင်အိုးများအား နေအိမ်များသို့ ငှားပေးခဲ့သော်လည်း ငှားရမ်း သူများက အောက်ဆီဂျင်အိုးများကို တဆင့်ခံ ပြန်လည်ငှားရမ်းကြပြီး အသင်းသို့ ပြန်လည်အပ်နှံခြင်း မရှိ သည့်အတွက် အသင်းတွင် အောက်ဆီဂျင်အိုး မလောက်ငှဘဲဖြစ်ကာ အခက်အခဲများ ဖြစ်စေသည်။

ထို့ကြောင့် အောက်ဆီဂျင်အိုးများအား နေအိမ်သို့ မငှားပေးတော့ပဲ Emergency Oxygen Care Center တွင် မည်သည့်လူနာမဆို လာရောက်ရှူနိုင်ကြောင်း စေတနာရှင်ပရဟိတအသင်း(ရန်ကုန်)မှ အတွင်းရေးမှူး ကိုဝေဖြိုးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုဝေဖြိုးအောင်က “ကျနော်တို့ဆီမှာ လာရှူတဲ့လူနာက တစ်နေ့ကို ၄၀ နဲ့ ၅၀ ကျော်ကြားမှာရှိပါတယ်။ တစ်ခါတစ်လေကျရင် ၆၀ တောင်ကျော်တယ်။ ကျနော်တို့ ဒီမှာ အောက်ဆီဂျင် ပေးရှူတဲ့အခါမှာ ကျနော်တို့ အောက်ဆီဂျင် Gas ရရှိတဲ့ ပမာဏပေါ့။ စက်ရုံမှာဖြည့်လာတဲ့အိုး ရရှိတဲ့ ပမာဏအပေါ်မူတည်ပြီးတော့ လူနာ တွေကို အကုန်ပေးရှူပါတယ်။ အချိန်ကတော့ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ အောက်ဆီဂျင်ရှိနေတဲ့ အချိန်ထိ ပေးရှူတယ်”ဟု ဆိုသည်။

Emergency Oxygen Care Center တွင် Volunteer သူနာပြုများနှင့် ပရဟိတအသင်းမှ အဓိက ကုသပေးနေခြင်း ဖြစ်ပြီး လူနာများအား အောက်ဆီဂျင်အိုးအပြင် အောက်ဆီဂျင်စက်နှင့်ပါ ပေးရှူလျက်ရှိသည်။

ပုံ-Emergency Oxygen Care Center ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

အောက်ဆီဂျင် လာရှူသည့် လူနာအများစုသည် ပန်းနာရင်ကြပ်ရှိသူ၊ ဆီးချို၊ သွေးတိုး ရောဂါ အခံရှိသူများ ဖြစ်ကြပြီး ကိုဗစ်လက္ခဏာ ရှိသူများအား အများဆုံး တွေ့ရကြောင်း သိရသည်။

အောက်ဆီဂျင်အိုးတွင် Gas ကုန်သွားပါက စက်ရုံသို့ Gas သွား၍ ဖြည့်ရသည့်အတွက် စောင့်ရသည့်အခါမှာ အချိန်ကြာမြင့်သလို Gas ရရှိသည့် ပမာဏမှာလည်း နည်းသည့် အတွက် အခက်အခဲရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေရာတွင် ပြည်သူများ အဓိက လိုအပ်သည့် အရာများမှာ အောက်ဆီဂျင်ပြည့် ပြည့်ဝဝ ရရှိရေး အပါအဝင် လိုအပ်သည့် ဆေးဝါးနှင့်ဆေးပစ္စည်းများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေးနှင့် ပုံမှန်ဈေးနှုန်းအတိုင်း ကျန်းမာရေးပစ္စည်းများ ဝယ်ယူနိုင်ရေးတို့ ဖြစ်သည်။

#ကိုစောသော်ထက် #ကိုဝေဖြိုးအောင် #EmergencyOxygenCareCenter #ပရဟိတ #သူနာပြု #စီးပွားရေးသမား #ဈေးတက်မရောင်းပါနဲ့ #ကိုဗစ်၁၉ #ကျန်းမာရေး #အောက်ဆီဂျင် #CNImyanmar #cninews