CNI News
တိုကျို ဇူလိုင် ၂၉
အိုလံပစ်အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေသော ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဇူလိုင် ၂၈ ရက်က Covid-19 ကူးစက်ဖြစ်ပွားသူ အသစ် ၃၁၇၇ ဉီး တိုးလာသဖြင့် ဒုတိယအကြိမ် ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်လာကြောင်း ရိုက်တာသတင်း တစ်ပုဒ်ကို ကိုးကားလျက် Channel News Asia က ဖော်ပြသည်။ ယခုကဲ့သို့ ဂျပန်ပြည်တွင်း ကူးစက်မှု ဒုတိယအကြိမ် စံချိန်တင်လိုက်ခြင်းကြောင့် အာဏာပိုင်များက ဆေးရုံများကို ဖိဖိစီးစီး ကြပ်မတ်နေရကြောင်း သိရသည်။
ဇူလိုင် ၂၇ ရက်ကလည်း ဖြစ်ပွားသူအသစ် ၂၈၄၈ ဦးအထိ များလာ၍ လူအများစု အိုလံပစ်ပွဲတော် ဝင်ရောက်အားပေးခွင့်ကို ကန့်သတ်ခဲ့ပြီး ကျင်းပနေသော ပြိုင်ပွဲများအတွက် စိုးရိမ်စရာများ တိုးပွားလာခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစ၍ ရာထူးလက်ခံခဲ့သော ဂျပန်ဝန်ကြီးချုပ် ယိုရှီဟိုက်ဆူအတွက်လည်း ယခု လတ်တလော အခင်းအကျင်းများကြောင့် လူကြိုက်အနည်းဆုံး အခြေအနေနှင့် ရင်ဆိုင်နေရပြီး အာဏာရပါတီခေါင်းဆောင် အားပြိုင်မှုနှင့် ယခုနှစ် အထွေထွေရွေးကောက်ပွဲအထိ အလားအလာ မကောင်းလှပေ။
ဇူလိုင် ၂၉ ရက်၊ ယနေ့ နံနက်အစောပိုင်းတွင် တိုကျိုမြို့တော်အနီးရှိ ဒေသသုံးခု၏ အုပ်ချုပ်ရေးမှူးများက အရေးပေါ် အခြေအနေ ကြေညာမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်က ဂျပန်စီးပွားရေးဝန်ကြီး ယာစုတိုရှီနီရှီမူရက ပြောသည်။ ၎င်းသည် ဂျပန်နိုင်ငံ Covid-19 တုံ့ပြန်မှုကို ဦးဆောင် တာဝန်ယူနေရသူ ဖြစ်သည်။
ဆေးစစ်မှုများ ယခင်သီတင်းပတ်က နှောင့်နှေးခဲ့၍ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားမှုနှုန်း တိုးလာနိုင်ဖွယ်ရှိသည်ဟု ဂျပန် စီးပွားရေးဝန်ကြီးက တိုကျိုရှိ လက်တလော ထပ်တိုးလာသော ဖြစ်ပွားသူအရေအတွက် မကြေညာမီ စကားခံခဲ့သည်။
တိုကျိုမြို့အနီး ကန်နာဂါဝါဒေသ အုပ်ချုပ်ရေးမှူး ယူဂျီကူရိုဝက “ကျနော်တို့ ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်တွေ ပိုများလာတယ်ဗျာ” ဟု သတင်းထောက်များကို ပြောခဲ့သည်။ ကန်နာဂါဝါနှင့် အနီးတဝိုက်ရှိ ချီဘား၊ စိုင်တာမာဒေသများ တွင်လည်း ရောဂါကူးစက်နှုန်း သိသိသာသာ တိုးပွားနေသည်။
တိုကျိုမြို့တော်သည် စတုတ္ထအကြိမ် အရေးပေါ်ကြေညာချက် သက်ရောက်နေပြီဖြစ်ပြီး အိုလံပစ်ပွဲတော် ပြီးဆုံးချိန်အထိ အရေးပေါ် ကြေညာချက် ထားရှိနိုင်ဖွယ်ရှိသည်ဟု ရိုက်တာသတင်းက ဆိုသည်။ တစ်ချိန်တည်းတွင် Covid-19 ကူးစက်နှုန်း များပြားနေသည့် တခြားဒေသများတွင်လည်း အရေးပေါ်ကြေညာထားပြီး “ရောဂါကူးစက်မှု အခြေအနေနှင့် ယင်း အခြေ အနေကို ပြန်လည်မသုံးသပ်ပါက အိုလံပစ်ပွဲတော်အပြီးတွင် ကျန်းမာရေးပိုင်းဆိုင်ရာ ပြိုလဲခြင်းနှင့်အတူ ဂျပန်ပြည်သူတို့ အသက်အိုးအိမ်စည်းစိမ် ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်” ဟု NHK သတင်းဌာနက ထုတ်လွှင့်၍ အတိအလင်း သတိပေးထား သည်။
ဂျပန်နိုင်ငံသည် တခြားနိုင်ငံများတွင် ခံစားနေခဲ့ရသော ဖြစ်ပွားမှုမျိုးကို ရှောင်ရှားနိုင်ခဲ့သော်လည်း ယခုပဉ္စမလှိုင်း ရိုက်ခတ် လာချိန်တွင် ဆေးရုံများ အကြီးအကျယ် အကျပ်ရိုက်ကုန်ကြသည်။
တိုကျိုမြို့တွင် အရေးပေါ်ကြေညာချက်အရ အရက်၊ ဘီယာ စားသောက်ဆိုင်များမှအစ ည ၈ နာရီနောက်ဆုံးထား ပိတ်သိမ်း ရန် ညွှန်ကြားထားသည်။ ဂျပန်လူမျိုး အတော်များများသည် ကန့်သတ်ချုပ်ချယ်ခြင်းကို ၎င်းတို့ဆန္ဒအလျောက် ငြီးငွေ့လာကြ ပြီး အိုလံပစ်ပွဲတော်ကျင်းပရန် အစိုးရဆုံးဖြတ်ချက်အပေါ် ပိုမိုကြီးမားသော အန္တရာယ်ရှိလာပြီဖြစ်ကြောင်း ၎င်းတို့အချင်းချင်း သတင်းစကား အပြန်အလှန် ဖြန့်ဝေခဲ့ကြကြောင်း ရိုက်တာသတင်းအရ သိရသည်။
Soure: CNA, Reuters
#ဂျပန်
#အိုလံပစ်ပွဲတော်
#ကိုဗစ်၁၉
#ပိုးတွေ့လူနာတိုးလား
#ကျန်းမာရေး
#နိုင်ငံသားများငြီးငွေ့
#ဂျပန်အစိုးရ
#ဆေးရုံများအကြပ်ရိုက်နေ
#CNImyanmar
#cninews