CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ဗန်းမောက်မြို့နယ်တွင် မြို့နယ်ကောင်စီမှ ဒေသခံ ၃၃၅ ဉီးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံး အကြိမ်အနေဖြင့် ယနေ့ (ဇူလိုင် ၂၇ ရက်)က ထိုးပေးခဲ့ကြောင်း ဒေသခံ တစ်ဉီးဖြစ်သူ ကိုစွမ်းပြည့်က CNI သတင်းဌာနသို့ ပြောသည်။
ဗန်းမောက်မြို့နယ် တစ်မြို့နယ်လုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် မှန်းထားပြီး လက်ရှိတွင် အသက် ၆၅ နှစ်အထက်ကို တစ်ဖြတ်၊ အသက် ၆၅ နှစ်အောက်ကို တစ်ဖြတ် ခွဲ၍ ထိုးပေးသွားရန် မြို့နယ်ကောင်စီက စီစဉ်ထားသည် ဟု သိရကြောင်း ဒေသခံများက ပြောသည်။
ကိုစွမ်းပြည့်က “ဒီနေ့ ကိုဗစ်ကာကွယ်ဆေးထိုးတာ ၃၃၅ ယောက်ထိုးပေး။ မြို့နယ်ကောင်စီက ထိုးပေးတာ ပထမဆုံး အကြိမ်ထိုးပေးခြင်း ဖြစ်တယ်။ မထိုးမနေရလားဆိုတော့ မသိတတ်ဘူး။ ဒါပေမယ့် နောက်ကိုတော့ မြို့နယ်မှာ အစည်း အဝေး လုပ်ပြီးတော့မှ ကျေးလက် ဒေသတွေကို အဖွဲ့ခွဲပြီးတော့မှ လိုက်ထိုးမယ်လို့ပြောတယ်" ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်ကျော်ဖြတ်နေရပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ သိန်းကျော်ရှိကာ သေဆုံးသူ ၇၀၀၀ ကျော်ရှိသည်။ ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ တတိယလှိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုအားလုံးအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး တရုတ်နှင့် ရုရှားနိုင်ငံများမှ ဝယ်ယူလျက်ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တရုတ်နိုင်ငံကနေ ၄ သန်း ဝယ်ယူထားပြီး ၂ သန်းကို တရုတ်နိုင်ငံက လှူဒါန်းပေးထားခြင်းကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ သန်း ယခုလနှင့် သြဂုတ်လအတွင်း အပြီးသတ် ရောက်ရှိမည်ဖြစ်ပြီး လတ်တလောမှာလည်း တရုတ်နိုင်ငံကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းကျော်ရောက်ရှိထားပြီ ဖြစ်သည်။
ထို့ကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်ကြီးရွယ်အိုများ၊ ဘဏ်ဝန်ထမ်းများကို ဉီးစားပေး ထိုးပေးနေကြောင်း သိရသည်။
#ဗန်းမောက်
#ကိုဗစ်၁၉
#ကာကွယ်ဆေး
#လူ၃၃၅ဉီးထိုး
#မြန်မာနိုင်ငံ
#ကျန်းမာရေး
#CNImyanmar
#cninews