CNI News
သင်ပူ (ဘူတန်)၊ ဇူလိုင် ၂၇
ဘူတန်နိုင်ငံတွင် ကာကွယ်ဆေးထိုးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအားလုံးကို ရက်သတ္တတစ်ပတ်အတွင်း Covid-19 ကာကွယ်ဆေး ဒုတိယအကြိမ် အပြည့်အဝ ထိုးနှံ ပေးနိုင်ခဲ့သဖြင့် နိုင်ငံတကာလှူဒါန်းမှု အထမြောက် အောင်မြင်ခဲ့ခြင်းအတွက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ယူနီဆက်က ဇူလိုင် ၂၆ ရက်တွင် ချီးကျူးလိုက် ကြောင်း CNA သတင်းဌာနက ယနေ့နံနက်မှာ ရေးသားဖော်ပြသည်။
ဟိမဝန္တာဒေသရှိ အမျိုးသားဘုရင်စနစ်ဖြင့် အုပ်ချုပ်သော ဘူတန်နိုင်ငံတွင် လူဦးရေ ၅၃၀,၀၀၀ ရှိသည့်အနက် အရွယ်ရောက်ပြီးသူ ၈၅ ရာခိုင်နှုန်းကို နိုင်ငံတကာ အထောက်အပံ့ ရရှိပြီးနောက် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးနိုင်ခဲ့သည်။ ထိုးနှံပြီးသူ ၄၅၄,၀၀၀ ဦးရှိသွားသဖြင့် စုစုပေါင်းလူဦးရေ၏ ၈၅ ရာခိုင်နှုန်း ကိုယ်ခံစွမ်းအား ရရှိ၍ ကူးစက်မှု ထိန်းချုပ်နိုင်သည့်အဆင့် ရောက်သွားခဲ့ပြီဟု ဆိုနိုင်ကြောင်း Channel News Asia သတင်းဌာနက ဆိုသည်။
ယူနက်ဆက်မှ ဘူတန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ဝေလ်ပက်ခ် (Will Parks) က ယခုကဲ့သို့ ရည်မှန်းချက် ကြီးမားသော ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းကို ပီပြင်စွာ အကောင်အထည် ဖော်နိုင်ခြင်းအတွက် ဘူတန်နိုင်ငံ အတွက် ကြီးမားသည့် အောင်မြင်မှုပင်ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။
ပုံ-ဘူတန်နိုင်ငံသားများ ကိုဗစ်ကာကွယ်ဆေးထိုးနေစဉ်(UNICEF)
ကာကွယ်ဆေးများ ပိုလျှံနေသော နိုင်ငံများထံမှ မထိုးနှံရသေးသူများပြားသည့် ချို့တဲ့နိုင်ငံများထံသို့ ဝေမျှ လှူဒါန်းပေးသော အလေ့အထရှိမည့် ကမ္ဘာကြီးကို မိမိတို့လိုအပ်ကြောင်း ဝေလ်ပက်ခ်က သင်ပူမြို့တော်မှ အေအက်ဖ်ပီ သတင်းထောက်ကို ပြောသည်။
“ဘူတန်လို နိုင်ငံမျိုးက ဆရာဝန်နည်းနည်း၊ သူနာပြုနည်းနည်းပဲ ရှိပေမယ့် ဘုရင်နဲ့အုပ်ချုပ်တဲ့အစိုးရက ပြည်သူ တွေကို သစ္စာရှိရှိ အုပ်ချုပ်ပြီး ကာကွယ်ဆေးထိုးနှံဖို့ စည်းရုံး လှုပ်ရှားပေးခဲ့တယ်။ ဒါမျိုးကို ကမ္ဘာကြီးကလည်း အတုယူမယ်ဆိုရင် ဘယ်နိုင်ငံမဆို ပြည်လုံးကျွတ် ကာကွယ်ဆေးထိုးဖို့ မဖြစ်နိုင်စရာမရှိပါဘူး”ဟု ယူနီဆက် ကိုယ်စားလှယ်က ဆက်လက် ပြောသည်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် မတ်လနှောင်းနှင့် ဧပြီလ အစောပိုင်းတုန်းက လှူဒါန်းခဲ့သော AstraZeneca ဆေး ၅၅၀,၀၀၀ ကို ဘူတန်အစိုးရက အလျင်အမြန် အသုံး ပြုခဲ့ပြီး နယ်မြေချင်း ထိစပ်နေသော အိန္ဒိယနိုင်ငံမှ Covid-19 ကူးစက် ဝင်ရောက်လာခြင်း မရှိအောင် တားဆီးနိုင်ခဲ့သည်။
ပထမအကြိမ် ထိုးနှံရသည့် ကာကွယ်ဆေးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးတို့ကြား အချိန်ကွာဟမှု ကြာမြင့် သည့်ကြားတွင် ဘူတန်အစိုးရက နိုင်ငံတကာ အထောက်အပံ့များကို တောင်းခံခဲ့သည်။
ပုံ-ဘူတန်နိုင်ငံသားများ ကိုဗစ်ကာကွယ်ဆေးထိုးနေစဉ်(PTI)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကာကွယ်ဆေးဆိုင်ရာမဟာမိတ်အဖွဲ့ (Gavi)တို့ ကျောထောက် နောက်ခံပေး ထားသည့် Covax မှတဆင့် အမေရိကန်က လှူဒါန်းသည့် Moderna ဆေး သန်းတစ်ဝက်ကျော်နှင့် ဒိန်းမတ်က လှူဒါန်းသည့် AstraZeneca ဆေးအလုံးရေ ၂၅၀,၀၀၀ တို့မှာ ယခု ဇူလိုင်လလယ်ပိုင်းတွင် ဘူတန်နိုင်ငံသို့ ရောက် ရှိလာခဲ့သည်။
တောင်အာရှဒေသရှိ လူပေါင်း ၇၇၀,၀၀၀ တို့အတွက် ခရိုအေးရှား၊ ဘူလ်ဂေးရီးယား၊ တရုတ်နှင့်တခြားနိုင်ငံများ ထံမှ AstraZeneca, Sinopharm နှင့် ဖိုင်ဇာကာကွယ်ဆေး အလုံးရေ ၄ သိန်းကျော်ရရှိပြီး ထိုးနှံနိုင်မည်ဟု မျှော်မှန်းရသည်။
ယခုအချိန်အထိ ဘူတန်အစိုးရသည် ဖိုင်ဇာကာကွယ်ဆေး အလုံးရေ ၂ သိန်းကျော် ဝယ်ယူပြီးဖြစ်သည်။
အိန္ဒိယနှင့်တရုတ်နိုင်ငံကြားတွင် တည်ရှိသော ဘူတန်နိုင်ငံသည် နေချင့်စဖွယ် ပျော်ရွှင်စရာ ကောင်းလှခြင်း ကြောင့် ကျော်ကြားပြီး ယခုကာလအထိ Covid-19 ကူးစက်ခံရသူ ၂၅၀၀ ရှိပြီး နှစ်ဦးသာ သေဆုံးခဲ့သည်။
Source: Channel News Asia
#ဘူတန် #Bhutan #India #ကာကွယ်ဆေး #အိန္ဒိယ #Covax #Covid19 #AstraZeneca #Pfizer #Sinopharm
#ဟိမဝန္တာ #CNImyanmar #cninews