CNI News

ဝါရှင်တန်ဇူလိုင် ၂၇

အမေရိကန်သမ္မတ၏ ဆေးဘက်ဆိုင်ရာအကြံပေးအရာရှိနှင့် နိုင်ငံအဆင့် ထိပ်တန်းကူးစက်ရောဂါ ကျွမ်းကျင်သူက ယခု လတ်တလော အမေရိကန်ပြည်တွင်း၌ Covid-19 ကြောင့် သေဆုံးရသူအများစုသည် ကာကွယ်ဆေး မထိုးရသေးသူများထဲမှ ဖြစ်နိုင်ကြောင်း ပြောသည်။

အမေရိကန်အနေဖြင့် Covid-19 ဖြစ်ပွားမှု အရေအတွက် တိုးလာနေသလို လွဲမှားသည့်ဉီးတည်ချက်ကို ဆက်သွားနေကြောင်း၊ အထူးသဖြင့် ကာကွယ်ဆေးမထိုးရသေးသည့် အမေရိကန် နိုင်ငံသားများကြားတွင် ဖြစ်ကြောင်း ဒေါက်တာအန်တိုနီဖာစီက ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်သည့် စီအင်န်အင်န်ရုပ်သံနှင့် အင်တာဗျူးတွင် ထောက်ပြခဲ့သည်။

“ရောဂါအတည်ပြု ဖြစ်ပွားသူအသစ်တွေကို ကြည့်လိုက်မယ်ဆိုရင် အဲဒီရောဂါသည် အသစ်တွေက ကာကွယ်ဆေး မထိုးရ သေးသူတွေကြားထဲက ထွက်လာတာဗျ။ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းက ကာကွယ်ဆေး အပြည့်အဝ မထိုးရသေး ဘူး။ အဲဒါက ပြဿနာပါ” ဟု ဒေါက်တာဖာစီက စီအင်န်အင်န်သတင်းဌာနမှ ဂျိတ်တစ်ပါကို ထောက်ပြခဲ့သည်။

အမေရိကန်နိုင်ငံတွင် တစ်နေ့လျှင် လူ ၄၀၀၀ မျှ သေဆုံးနေရခြင်းသည့် အဆိုးဝါးဆုံး မြင်ကွင်းနှင့်ပတ်သက်၍ စီအင်န်အင်န်၏ မေးမြန်းချက်ကို ဒေါက်တာဖာစီ ယင်းကဲ့သို့ ထောက်ပြ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တကယ်တော့ (အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာမှ) ဒေါက်တာ ရိုချီလီဝလန်စကီနဲ့ ကျနော်လည်း အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ ရောဂါဟာ ကာကွယ်ဆေး မထိုး တဲ့ သူတွေမှာ ပျံ့နှံ့နေတာပါ။ ဒါကြောင့် လက်တွေ့အားဖြင့် ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေ ထွက်လာပြီးတော့ ကာကွယ်ဆေးအထိုးခံကြဖို့ပါ” ဟု ၎င်းက တိုက်တွန်းသည်။

Covid-19 Delta မျိုးကွဲသည် အမေရိကန်တစ်နိုင်ငံလုံး ပျံ့နှံ့သွားပြီဖြစ်သဖြင့် ကျန်းမာရေးအရာရှိများအနေဖြင့် ရောဂါပျံ့နှံ့မှု တားဆီးရာတွင် နိုးနိုးကြားကြားရှိကြရန် လိုကြောင်း ၎င်းက ဆက်လက်သတိပေးခဲ့သည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ကောက်ယူရရှိသော အချက်အလက်များအရ အမေရိကန်ရှိ ပြည်နယ်တိုင်းတွင် ကူးစက်မှုနှုန်းမှာ ယခင် သီတင်းပတ်အကုန်ပိုင်း ဇူလိုင် ၂၃ ရက်၊ သောကြာနေ့က အများဆုံးဖြစ်နေခဲ့သည်။

ပြည်နယ် ၃၀ ကျော်အတွင်း နေထိုင်သူ ထက်ဝက်ကျော်မှာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပေးနိုင်ခြင်း မရှိသေးကြောင်း၊ ပြီးခဲ့သည့် သောကြာနေ့က ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူ ပျှမ်းမျှအရေအတွက်သည် နှစ်ဦးပိုင်း ဇန်နဝါရီမှ ရေတွက် လျှင် အနည်းဆုံးဖြစ်နေကြောင်း စီအင်န်အင်န်သတင်းက ဆက်လက်ဖော်ပြသည်။

Source: CNN

#covid19 #US #အမေရိကန် #ကူးစက်နှုန်း #ကာကွယ်ဆေး #vaccine #CNImyanmar #cninews