CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၊ ဥတ္တရခရိုင်အတွင်းရှိ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော် အ.ထ.က (၃)တွင် ဌာနဆိုင်ရာ ဝန်ထမ်း ၁၀၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာမှ ဝန်ထမ်း ၅၈၄ ဦးအား ထိုးနှံပေးခဲ့ပြီး နေ့လယ်ပိုင်းတွင် ဌာနဆိုင်ရာ ဝန်ထမ်း ၁၀၄၈ ဦးကို ထိုးနှံပေးခဲ့ကြောင်း နေပြည်တော်ကောင်စီ နယ်မြေမှ သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာခင်ခင်ကြီးက “အဲတာ ဟုတ်ပါတယ်၊ အဲတာ က နဂိုကတည်းက တရုတ်ကလာတယ်ဆိုတဲ့ ကာကွယ်ဆေး ၃ သိန်းကို ထိုးပေး တာရယ်ဆိုတဲ့ အဆက်ပါ။ လူဦးရေကတော့ မသိနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက နေပြည်တော် ကောင်စီ က လုပ်တဲ့ကိစ္စ နေပြည်တော်ကောင်စီပဲ၊ မန္တလေးမှာ ထိုးမယ့် ကိစ္စ မန္တလေးကိစ္စ ကျမ မသိနိုင်ပါဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်နေရပြီး သေဆုံးနှုန်းနှင့် ကူးစက်မှုနှုန်းမြင့်တက်နေခြင်း ကြောင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ၊ ဘဏ်ဝန်ထမ်းများကို ဦးစားပေးအုပ်စုအနေဖြင့် ပထမဆုံး ကာကွယ်ဆေးထိုးနှံပေးနေပြီး တစ်နိုင်ငံလုံး ကာကွယ် ဆေးထိုးနှံရေးကို လုပ်သွားရန် ပြင်ဆင်လျက်ရှိနေသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများကို တရုတ်နိုင်ငံကနေ ကာကွယ်ဆေး ၄ သန်းဝယ်ထားကြောင်း၊ တရုတ်နိုင်ငံက ကာကွယ်ဆေး ၂ သန်း လှူဒါန်းသည့်အတွက် စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ သန်းကို ယခုလ (ဇူလိုင် လ)နှင့် သြဂုတ်လအတွင်း အပြီးသတ် သယ်ဆောင်၍ ထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ရုရှားနိုင်ငံကနေလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဝယ်ယူထားကြောင်း သိရသည်။

#ကိုဗစ်၁၉
#ကာကွယ်ဆေးထိုး
#ဌာနဆိုင်ရာဝန်ထမ်း
#နေပြည်တော်
#လူဦးရေတစ်ထောင်ကျော်
#မြန်မာနိုင်ငံ
#CNImyanmar
#cninews