CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၆
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကုသနိုင်သော ဆေးနှင့် ဆက်စပ်ပစ္စည်းများကို လာရောက်ထုတ်ယူခြင်း မရှိကြောင်း စစ်ဆေး တွေ့ရှိသည်ဟု အကောက်ခွန်ဦးစီးဌာနက ယမန်နေ့ (ဇူလိုင် ၂၅ရက်) က အသိပေး ကြေညာထားသည်။
အဆိုပါ ဆေးပစ္စည်းများသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ကုန်သိုလှောင်ရုံနှင့် ဆိပ်ကမ်းများကို ရောက်ရှိနေ ခဲ့သော်လည်း ကုန်သည် လုပ်ငန်းရှင်နှင့် မှာယူထားသူများမှ လာရောက်ထုတ်ယူခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြ ထားသည်။
အကောက်ခွန်ဦးစီးဌာနအနေနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် စီစဥ် ဆောင်ရွက်ပေးလျက် ရှိသောကြောင့် အမြန်ဆုံးလာရောက် ထုတ်ယူရန် အသိပေးကြေညာထားသည်။
လက်ရှိတွင် အများပြည်သူ ရုံးပိတ်ရက်ကို သြဂုတ်လ ၁ ရက်နေ့အထိ ပိတ်ရက်ကို တိုးမြှင့်သတ်မှတ်ထားသော်လည်း နယ်စပ် ကုန်သွယ်ရေး စခန်းများ အနေနှင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်/ သွင်းကုန် လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယခုကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းမှုကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုမည်ဖြစ် ကြောင်း ကြေညာထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ နေ့စဥ် မြင့်တက်နေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MOHS)၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၉၉၈ ဦး၊ သေဆုံးသူ ၃၅၅ ဦး ရှိလာပြီး ယမန့်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၉၅၂၅ ဦးနှင့် သေဆုံးသူ ၇၁၁၁ ဦးလာပြီ ဖြစ်သည်။
#အကောက်ခွန်ဦးစီးဌာန
#ကိုဗစ်၁၉
#ဆေးနှင့်ဆက်စပ်ပစ္စည်းများ
#လာရောက်ထုတ်ယူခြင်းမရှိ
#ကုန်သိုလှောင်ရုံ
#ကျန်းမာရေး
#စီးပွားရေး
#CNImyanmar
#cninews