CNI News
၂၀၂၁ခုနှစ်၊ ဇူလိုင် ၂၆
ကိုဗစ်ကာကွယ်ဆေးထိုးကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင်တပ်တော်(ULA/AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဇူလိုင် ၂၅ ရက်နေ့ညက တိုက်တွန်းပြောခဲ့သည်။
ထိုအကြောင်းအား AA သတင်းမှန်ပြန်ကြားရေးမှ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ထုတ်ပြန်ထား သည့် Stay at Home အမိန့်အား ပြည်သူများ သေချာစွာ လိုက် နာကြရန်နှင့် ကိုဗစ်စည်းကမ်းများအားလည်း လိုက်နာကြရန် ၎င်းက ဆိုသည်။
ULA/AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က“ကိုဗစ်ကာကွယ်ဆေးကို ဘယ်နိုင်ငံကပဲထုတ်ထုတ် ဘာတံဆိပ်ပဲ ဖြစ်ဖြစ် ကိုဗစ်ကာကွယ်ဆေးကို ထိုးဖို့အခွင့်အရေးရရင် မဖြစ်ဖြစ်အောင်ထိုးဖို့အတွက် တိုက်တွန်းချင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တခြားသုတေသန လုပ်ငန်းတွေ ထုတ်ပြန်ချက်အရ ကိုဗစ်ကာကွယ်ဆေးကို ထိုးထားတဲ့ လူတွေဟာဆိုရင် တစ်ခါတစ်ခါ ကိုဗစ်ရောဂါ ကူးစက်မှုရှိခဲ့ရင်လည်း ရောဂါလက္ခဏာတွေဆိုတာ ပြင်းထန်မှု အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေဟာဆိုရင် လျော့နည်းမှုတွေ ရှိပါတယ်။ အဲဒါကြောင့် အခွင့်အရေးရရင် လက်လွှတ်မခံကြပါနဲ့။ ဘယ်လောက်ပဲရရ ကိုဗစ်ကာကွယ်ဆေးကို မဖြစ်ဖြစ်အောင် ထိုးကြပါလို့ တိုက်တွန်း ချင်ပါတယ်”ဟု ဆိုသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင်တပ်တော်(ULA/AA) အနေဖြင့် ကာကွယ်ဆေး ရရှိနိုင်ရန် ကြိုးစားနေသည်ဟု မြင်မိကြောင်းနှင့် ရရှိနိုင်မည့် အလားအလာရှိကြောင်း သုံးသပ်မိသည်ဟု CNI သတင်းဌာနသို့ ပြောသည်။
REC မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “အဲဒီဆေးတွေကို သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ သာမကပဲနဲ့ သူတို့စိုးမိုးတဲ့ ကျေးရွာတွေမှာလည်း ထိုးပေးနိုင်တဲ့အခြေအနေ ရှိလာနိုင်တယ်လို့လည်း ကျနော်တို့သုံးသပ်မိတယ်။ ဒါပေမယ့် လည်း ဘယ်လောက် အရေအတွက်လည်းဆိုတာကတော့ ကျနော်လည်း မသိဘူးပေါ့နော်။ ဒါပေမယ့် သိပ်တော့ မများလောက်ဘူးလို့ ထင်တယ်” ဟု ပြောသည်။
ကာကွယ်ဆေး ရရှိသည့်အခါတွင် စစ်ဘေးရှောင်များအား ဦးစားပေး ထိုးနှံပေးသင့်ကြောင်း ၎င်းက ဆိုသည်။
ဦးဇော်ဇော်ထွန်းက “ဘာကြောင့်လဲဆိုရင် သူတို့က ကူးစက်ရောဂါကို ရှောင်ရှားနိုင်တဲ့အနေအထား ကာကွယ်နိုင် တဲ့ အနေအထား အရမ်းကိုနည်းပါးတယ်။ တစ်ဖက်မှာက အနေဆင်းရဲ အစားဆင်းရဲတဲ့ အတွက်ကြောင့်မို့လို့ နဂိုကတည်းက ကိုယ်ခံအားနည်းနေပြီးသား။ နောက် သက်ကြီးရွယ်အိုတွေလည်း များတယ်၊ ရောဂါအခံ ရှိသူ တွေလည်း များတယ်။ ဆိုတဲ့အခါ နေထိုင်တာကလည်း စစ်ဘေးရှောင်စခန်းတွေရဲ့ သဘောသဘာဝအတိုင်း သူတို့ကလူတွေ စုပြုံပြီးတော့ နေရတယ်ပေါ့နော်။ အဲဒီအခါ သူတို့ကပိုပြီး ကူးစက်ခံရနိုင်တယ်။ ဒါကြောင့်မို့လို့ ကာကွယ်ဆေးထိုးပေးတဲ့အခါမှာ စစ်ဘေးရှောင်စခန်းတွေကို အထူးအလေးထားပြီး ထိုးပေးသင့်တယ်”ဟု ပြော သည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့မှ စတင်ကာ ၂ ပတ်ကြာ Stay At Home အဖြစ် သတ်မှတ် ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင်တပ်တော်(ULA/AA)က ထုတ်ပြန်ထားပြီး ထိုအမိန့်အား ရခိုင်ပြည်သူ ၇၅ ရာခိုင်နှုန်းခန့် လိုက်နာကြသည်ကို တွေ့ရကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောကြားချက်အရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် တရုတ်နိုင်ငံမှ ကာကွယ် ဆေး ၄ သန်းဝယ်ယူထားသလို တရုတ်အစိုးရက ၂ သန်း လှူဒါန်းရာ ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်းချီရောက်ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တခြားတစ်ဖက်မှာတော့ AA နှင့် မဟာမိတ်များ ဖြစ်သည့် "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(NDAA)၊ ကချင်လွတ်မြောက် ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့သည် ၎င်းတို့ထိန်းချုပ်ထား သည့် ဒေသများတွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ် ဆေးများကို ထိုးနှံပေးလျက်ရှိ ပြီး ကိုဗစ်-၁၉ တတိယလှိုင်းကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။
#ဗိုလ်ချုပ်ထွန်းမြတ်နိုင်
#ULA/AA
#ကာကွယ်ဆေးထိုးရန်
#ကိုဗစ်၁၉
#ရခိုင်ပြည်နယ်
#မြန်မာနိုင်ငံ
#တိုက်တွန်း
#CNImyanmar
#cninews