CNI News

၂၀‌၂၁ခုနှစ်၊ ဇူလိုင် ၂၆

ပြည်တွင်း၌ နေ့စဉ်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်တက်လာသည်နှင့်အမျှ အောက်ဆီဂျင် လိုအပ်ချက်နှင့် ဆေးဝါးလိုအပ်ချက် ပိုများလာသောကြောင့် ဈေးနှုန်းများအဆမတန် မြင့်တက်လျက်ရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

လက်ရှိ ဈေးကွက်အတွင်းတွင် ၄၀ လီတာရှိသော အောက်ဆီဂျင်တစ်အိုးလျှင် ငွေကျပ် ၈ သိန်းမှ အများဆုံး ၁၃ သိန်းကြား အထိ ပေါက်ဈေးရှိနေပြီး ကိုဗစ်လူနာများ၏ လိုအပ်ချက်ကြောင့် ဝယ်လိုအား မြင့်တက်နေသဖြင့် ဈေးနှုန်းများ အဆမတန် တက်နေခြင်း ဖြစ်သည်။

ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ မမော်လေးက “အခု ဈေးကွက်ထဲမှာက တချို့ ဆေးဆိုင်တွေက အရမ်းမတင်ပေမယ့် တချို့ဆိုင်တွေ ကျတော့ အခု ဘိုင်အိုဂျစ်ဆစ် တစ်လုံးကို ငွေကျပ် ၉၀၀ လောက်ထိပေါက်တယ်။ အက်လက်ဇန် တစ်လုံးဆို ၂၅၀ ကျပ်ကနေ ၃၀၀ လောက်ထိ ပေးရတယ်။ ဆေးတောင် အဲ့လောက်ဈေးတက်တာ။ Mask ဆိုရင် ရှေ့ရက်က တစ်ဗူး ၃၅၀၀ ကျပ်ပေးရတယ်။ အခု ပြန်ကျပေမယ့် ၂၅၀၀ ကျပ်လောက်အထိ ပေးဝယ်နေရတယ်။ အောက်ဆီဂျင်အိုးကတော့ ပြော မနေနဲ့ ရောင်းသူပြောတဲ့ ဈေးနဲ့ ဝယ်နေရတာ”ဟု ပြောပြသည်။

အဆိုပါ ကိုဗစ်-၁၉ ကပ်ရောဂါသုံး ဆေးဝါးများ၊ အသုံးအဆောင်များ မလိုအပ်ဘဲ ဈေးကစားခြင်း၊ သိုလှောင်ခြင်းများနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရေးပေါ်ကုန်စည် ဝန်ဆောင်မှု ဥပဒေအရ ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သို့သော်‌ အောက်ခြေတွင် ဈေးတင်ရောင်းချသူများနှင့် ဈေးကစားသူများကို ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း ထောက်ပြနေကြ သည်။

ပုံ-ဆေးဆိုင်တွင် ဆေးဝယ်ယူရန် စောင့်နေကြ

“အောက်ဆီဂျင် ၄၀ လီတာအိုး တစ်အိုးကို အပြင်အိုးအခွံ့တင် ငွေကျပ် ၆ သိန်းနဲ့ ၇ သိန်းကြားလောက်ထိ ပေးဝယ်ရတယ်။ တချို့ဆို ကျပ် ၈ သိန်းလောက်ထိ တင်ပြီးရောင်းတာရှိတယ်။ အရည်အပါဆိုရင် ကျပ် ၁၁ သိန်းလောက်အထိ မနေ့က ပေး ဝယ်ရတယ်။ ဈေးတွေက သူတို့ပါးစပ်ထဲမှာပဲ ရှိတာ။ ဈေးတန်းက မရှိတော့ဘူး။ စီအမ်ဂျီအိုး ဆိုရင်တော့ ကျပ် ၆ သိန်း လောက်ရှိတယ်။ အိုးအစစ်ဆိုရင်တော့ ၇ သိန်း နဲ့ ကျပ် ၈ သိန်းလောက်ပေါက်တယ်။ ပရီအော်ဒါ(ကြိုတင်) ဆိုရင်တော့ ဈေး က နည်းတယ်။ လတ်တလော အရေးပေါ်ဆိုရင်တော့ ဈေးတွေက ပေးရရော”ဟု လက်ရှိဈေးကွက်အတွင်း အောက်ဆီဂျင် အတွက် အကူအညီပေးရန် လိုက်ဝယ်ပေးနေသူ တောင်ဥက္ကလာပမြို့နယ်မှ စေတနာ့ဝန် ထမ်း တစ်ဦးက CNI သို့ ပြောပြ သည်။

ယခုအချိန်တွင် အောက်ဆီဂျင် အိုးကြီးဖြစ်သော ၄၀ လီတာ အိုးများက အောက်ဆီဂျင် အရည်ဖြည့်ရန်ပင် ကျပ် ၃ သိန်းခွဲ ဈေးအထိ ရှိနေသဖြင့် အခက်အခဲများရှိနေပြီး အောက်ဆီဂျင်အိုး အသေးများမှာလည်း ပိုက်ဆံရှိလျက်ပင် ဝယ်ယူဖို့ ခက်ခဲကာ ရှာမရဖြစ်နေကြောင်း သိရသည်။

ယင်းသို့ ဈေးနှုန်းများ မြင့်တက်နေခြင်း၊ ပြည်ပမှ ဆေးဝါးတင်သွင်းမှု အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ရင်ဆိုင်ကျော်ဖြတ်နေကြရပြီး ကူးစက်ခံထားရသူ လူနာ (၂၆၉,၅၂၅)ဉီးရှိကာ သေဆုံးသူ စတင်ဖြစ်ပွားလာသည့် ၂၀၂၀ ခုနှစ်၊မတ်လမှ ယနေ့ချိန်ထိဆိုပါက (၇,၁၁၁)ဉီးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

#ကိုဗစ်၁၉
#ကျန်းမာရေး
#ဆေးဝါး
#ကျန်းမာရေးပစ္စည်း
#ဈေးအဆမတန်တက်
#အောက်ဆီဂျင်အိုး
#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
# စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
#အရေးပေါ်ကုန်စည်ဝန်ဆောင်မှုဥပဒေအရ
#CNImyanmar
#cninews