CNI News

ဒီမာပူရ် ဇူလိုင် ၂၆

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN(IM) အထွေထွေအတွင်းရေးမှူး တီအိတ်ချ်မွီးဗားကို ဇူလိုင် ၂၄ ရက်၊ ညနေပိုင်းက  ဒီမာပူရ်မြို့ရှိ ဆေးရုံတစ်ရုံသို့ အရေးပေါ်တင်ပို့ ကုသထားရကြောင်း သိရသည်။ ၎င်းတက်ရောက်ကုသနေသော ဆေးရုံမှာ ရက်ဖာရယ်ဆေးရုံဖြစ်ကြောင်း သတင်းများက ဆိုသည်။

ဇူလိုင် ၂၄ ရက်၊ ညနေ ၆ နာရီခွဲတွင် အဆိုပါဆေးရုံသို့ မွီးဗားကို တင်ပို့ခဲ့ကြောင်း၊ ဆေးရုံရောက်ရောက်ချင်း အထူးကြပ်မတ် ကုသခန်း (ICU)ထဲ ရွှေ့ပေးခဲ့ကြောင်း၊ အဖျားရှိနေပြီး အောက်ဆီဂျင်ပမာဏ ကျဆင်းနေသော်လည်း လူနာအခြေအနေမှာ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်ဟု ဆရာဝန်များက ပြောကြောင်း Nagaland TV က ထုတ်လွှင့်သွားခဲ့သည်။

မွီးဗားသည် နာဂနိုင်ငံရေးကိစ္စအတွက် သဘာပတိကော်မတီနှင့် တွေ့ဆုံရန် NSCN(IM) တခြားခေါင်းဆောင်များနှင့်အတူ ဒီမာပူရ်မြို့တွင် အတူရှိနေစဉ် ယခုကဲ့သို့ ဆေးရုံတက်ရ ခြင်းဖြစ်သည်။ ၎င်းသည် ဒီမာပူရ်မြို့ဆင်ခြေဖုံးရှိ Chmukdima ရဲတည်းခိုရိပ်သာတွင် တည်းခိုခဲ့သည်။

မွီးဗားကို ဇူလိုင် ၂၂ က Covid-19 ပိုးတွေ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း အစည်းအဝေးအပြီး နောက်တစ်ရက် အကြာတွင် ထပ်မံစစ်ဆေးခဲ့ရာ ပိုးမတွေ့ရပြန်ကြောင်း၊ ၎င်းနှင့်အတူ လိုက်ပါလာသူများတွင်လည်း ပိုးတွေ့ရကြောင်း ဆိုသည်။

၎င်းဆေးကုသမှုခံယူနေသော ဆေးရုံဝန်းကျင်တွင် ရဲနှင့်စစ်သားအများအပြား လုံခြုံရေးယူထားပြီး NSCN(IM) ခေါင်းဆောင် များလည်း ဆေးရုံသို့ ရောက်ရှိလာကာ ၎င်း၏ ကျန်းမာရေး အခြေအနေကို လေ့လာစောင့်ကြည့်နေကြသည်။

ပုံ-အိန္ဒိယဝန်ကြီးချုပ်တစ်ယောက်မိုးဒီနဲ့ NSCN-(IM)ခေါင်းဆောင် မွီးဗားတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ရယူစဉ်က တွေ့ရစဉ်

 

မွီးဗားသည် NSCN(IM)ကို ၁၉၈၈ ခုနှစ်ကစတင်၍ အိုက်ဇက်ချီရှီဆူနှင့်အတူ ဉီးဆောင်ခဲ့သူဖြစ်ပြီး နာဂပြည်ထောင်စုကို ထူထောင်နိုင်ရေး ကြိုးပမ်းနေသည့် နာဂခေါင်းဆောင် တစ်ဦးဖြစ်သည်။

သို့သော် ၁၉၉၇ ခုနှစ်တွင် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်၌ နိုင်ငံရေးသဘောတူညီချက် စာချုပ်တစ်ခုကို လက်မှတ်ထိုး၍ ယနေ့အချိန်ထိ အကောင်အထည် ဖော်နိုင်ရေး ကြိုးပမ်းနေသူဖြစ်သည်။

မွီးဗားဦးဆောင်သည့် NSCN(IM)က ကုလသမဂ္ဂတွင် နာဂသံတမန်တစ်ဦး ခန့်အပ်ခွင့်ပြုရေး၊ နာဂ သီးခြား အလံ လွှင့်ထူ ခွင့်ပြုရေး၊ နာဂလူမျိုးများ သီးခြား ငွေစက္ကူရိုက်ထုတ် သုံးစွဲခွင့်ပြုရေး၊ ပူးတွဲနိုင်ငံခြားရေးဌာန ထားရှိခွင့်ပြုရေး၊ နာဂ အမျိုးသား အစိုးရတစ်ရပ် ဖွဲ့စည်းခွင့်ပြုရေး စသည့် အချက်များကို အိန္ဒိယအစိုးရထံတောင်းဆိုကာ ဆွေးနွေးညှိနှိုင်း လျက်ရှိနေသည်။

အိန္ဒိယအစိုးရဘက်ကတော့ ထိုအချက်များကို လိုက်လျောနိုင်ခြင်းမရှိသေးဘဲ နာဂဘာသာစကား သုံးစွဲ ခွင့်ပြုခြင်း၊ အိန္ဒိယ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အရေးပေးမည်၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးမည်၊ နယ်မြေအတွင်း လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ပြုခြင်း စသည့် အချက်များကို သဘောတူပေးထားကြောင်းသိရသည်။

Source: Nagaland TV

#မွီးဗား #ဆေးရုံတင်ထားရ #ကိုဗစ်ဟုတ်မဟုတ်မသိရသေး #အိန္ဒိယ #နာဂလန် #NSCN(IM) #ငြိမ်းချမ်းရေး #ကျန်းမာရေး #CNImyanmar #cninews