CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၂


တရုတ်အစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းအနက် ပထမအသုတ် အနေဖြင့် ကာကွယ်ဆေး ၇၃၆၀၀၀ လုံး (၇ သိန်းကျော်) ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇူလိုင် ၂၂ ရက်က ရောက်ရှိခဲ့သည်။


မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ်ဆေး ၇ သိန်းကျော် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို ဗီဒီယိုစနစ်ဖြင့် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး Mr. Chen Hai နှင့် ကျန်းမာရေးနှင့်အား ကစားဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ တက်ရောက်၍ လွှဲပြောင်းလက်ခံခြင်းပြု လုပ်ခဲ့ကြသည်။


မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai “ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၂ သန်း လှူဒါန်း သွားမှာဖြစ်ပြီး အမြန်ဆုံးအချိန်အတွင်း၌ ၎င်းတို့အနက် ပထမဆုံး အသုတ် ကာကွယ်ဆေးများကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးကြောင်း၊ ထိုလုပ်ဆောင်ချက်က တစ်ဆင့် မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီပေးပြီး မြန်မာနိုင်ငံပြည်သူများ ကျန်းမာဘေးကင်းမှုကို ထိန်းသိမ်းပေးနိုင်မည်ဟု မျှော်လင့်တယ်”ဟု ပြောသည်။

ပုံ- တရုတ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၇ သိန်းကို မြန်မာသို့လွှဲပြောင်း (တရုတ်သံရုံး)

ထို့နောက် တရုတ်နိုင်ငံ၏ ပါတီနှင့်အစိုးရသည် “ပြည်သူသည်သာအဓိက၊ အသက်သည်သာ အဓိက”ဟူသည့် ကပ်ရောဂါ တိုက်ဖျက်ရေးသဘောတရားကို အမြဲတစေ လက်ကိုင်စွဲ ထားကြောင်း ၎င်းက ဆိုသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက “တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးများ ထပ်မံလက်ခံရရှိသည့်အတွက် များစွာဝမ်းမြောက်ပြီး တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ကူညီမှုနှင့် ကာကွယ် ဆေးများ အချိန်မီ ပို့ဆောင်ရောက်ရှိနိုင်ရေးအတွက် ကြိုးပမ်းမှုများအပေါ် လှိုက်လှိုက်လှဲလှဲ ကျေး ဇူးတင်ကြောင်း၊ တရုတ် ကာကွယ်ဆေးများ အမြန်ဆုံး ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်အား အားဖြည့် ဆောင်ရွက် နိုင်မည်ဟု ယုံကြည် တယ်”ဟု ပြောသည်။


ထို့နောက် ယခုအကြိမ် ပို့ဆောင်ရောက်ရှိသော ကာကွယ်ဆေးများအပြင် တရုတ်အစိုးရက ထောက်ပံ့သည့် ကာကွယ်ဆေး အလုံးရေ ၁၂၆၄၀၀၀ ကိုလည်း ယခုရက်ပိုင်းတွင် ရန်ကုန်မြို့သို့ ဆက်တိုက် ပို့ဆောင်ရောက် ရှိမည်ဟု တရုတ်သံရုံးက ဇူလိုင် ၂၂ ရက်တွင်  ထုတ်ပြန်ခဲ့သည်။


အလားတူ မြန်မာနိုင်ငံက တရုတ်နိုင်ငံမှ ဝယ်ယူသည့် ပထမအသုတ် Sinovac ကာကွယ်ဆေး ၂ သန်းသည် လည်း ဇူလိုင် ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ပုံ-မြန်မာပြည်သို ကိုဗစ်-၁၉ ကာကွယ်ဆေး ၇ သိန်းကျော်ရောက်ရှိ(တရုတ်သံရုံး)

မြန်မာနိုင်ငံသို့ အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ထုတ်လုပ်သည့်စက် (Oxygen Concentrator) စသည့် အရေးပေါ်လိုအပ်သော ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ လျင်မြန်စွာ ထောက်ပံ့ပေးရန် လုပ်ငန်းကုမ္ပဏီတို့ ဘက်အသီးသီးနှင့် တစ်ဆင့်တိုး ညှိနှိုင်းလျက်ရှိကြောင်း တရုတ်သံရုံးက ဆိုသည်။


လတ်တလောရက် အနည်းငယ်အတွင်း အသက်ရှုစက်(Ventilator)အလုံးရေ ထောင်ကျော်၊ အောက်ဆီဂျင် ထုတ်လုပ်သည့်စက်(Oxygen Concentrator) အလုံးရေရာကျော်၊ အောက်ဆီဂျင်အရည် တန်ချိန်ရာကျော်၊ အောက်ဆီဂျင်အိုး အလုံးရေ ၄၀၀၀ ထောင်ကျော်၊ နှာခေါင်းစည်းအခုရေ သိန်းချီ စသည့် မြန်မာနိုင်ငံက အရေး ပေါ် လိုအပ်လျက်ရှိသော ပစ္စည်းများကို တရုတ်နိုင်ငံမှ ပို့ဆောင်လာသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး Mr. Chen Hai က ပြောသည်။


လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ တတိယလှိုင်းတွင် အောက်ဆီဂျင် လိုအပ်မှု မြင့်တက်နေ သလို ဆေးဝါးနှင့် ဆေးပစ္စည်းများလည်း လိုအပ်နေပြီး တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံများမှ တစ်ဆင့် အောက်ဆီဂျင် အရည်များ၊ အောက်ဆီဂျင်စက်များ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ တင်သွင်းကာ လိုအပ်ချက်ကို ဖြည့်စီးနေ ကြောင်း သိရသည်။


#MrChenHai #တရုတ် #မြန်မာ #ကာကွယ်ဆေးရောက် #အလုံးရေခုနှစ်သိန်းကျော် #အောက်ဆီဂျင် #ကျန်းမာရေး #ကိုဗစ်၁၉ #လှူဒါန်း #CNImyanmar #cninews