CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၃

ရှမ်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ထိန်းချုပ်ထားသော နယ်မြေ များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများကို ယနေ့မှစတင်၍ ပြုလုပ်လျှက်ရှိသည်။

SSPP တပ်ဖွဲ့ ဝယ်ယူရရှိသည့် ခွဲတမ်းကတော့ လူဦးရေ ၅ သိန်းစာ ဖြစ်၍ လူ ၅၀၀,၀၀၀(လူ ၅ သိန်း)စာအတွက် ကာကွယ်ဆေးများထိုးရန် စီစဉ်ထားသည်ဟု သိရသည်။

SSPP/SSA ထိုးပေးနေသည့် ဆေးသည် တရုတ် CansinoBio ကုမ္ပဏီက ထုတ်လုပ်နေသော ဆေးဖြစ်ပြီး Adenovirus ဆိုသည့် အမည်နှင့်ဖြစ်ကာ ဌာနချုပ်တည်ရှိရာ ကျေးသီး ဝမ်ဟိုင်းဒေသအပြင် မိုင်းရှူး၊ မိုင်းရယ် ၊ သီပေါ၊ ကျောက်မဲ ၊ တန့်ယန်း ၊ နမ့်လန် ၊ လားရှိူးဒေသများ ထိုးပေးရန် အစီအစဉ်ရှိသည်ဟု SSPP ဘက်က ပြောသည်။

ပုံ- SSPP မှ ဗိုလ်မှူးစိုင်းဘုန်းဟန် SSPP တပ်ဖွဲ့က ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံခံနေစဉ် (စိုင်းဘုန်းဟန်-fb)

UWSA “၀” တပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာတော့ ပြီးခဲ့သည့် (၃)လလောက်ကတည်းက ကာကွယ်ဆေးထိုးရေး လုပ်ငန်းများကို စတင်ခဲ့ပြီး ယခုအခါတွင် “၀” လူဦးရေ (၄)သိန်းခွဲ၏ ၉၇ ရာခိုင်နှုန်းဝန်းကို ဆေးထိုးပြီးသွားကြောင်း “၀” တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“၀” ဒေသတွင် ထိုးသည့်ဆေးမှာ Sinovac အမျိုးအစားဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA)ထိန်းချုပ်လျက်ရှိသည့် မိုင်းလားဒေသ၌ လူဦးရေ (၁)သိန်းခွဲ အား ကာကွယ်ဆေးထိုးနှံနေပြီ ဖြစ်ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)ထိန်းချုပ်ဒေသတွင်လည်း တရုတ် Sinovac ဆေးများ ရရှိခဲ့ပြီး လူဦးရေ (၃) သိန်းခွဲအတွက် ထိုးနှံပေးမှာဖြစ်ကြောင်းသိရသည်။ KIO သည် မိုင်ဂျာယန်မြို့နယ်အတွင်းမှာ ပြီးခဲ့သည့် ဧပြီ ၂၀ ကနေစတင်၍ ကိုဗစ်ကာကွယ်ဆေးများ ထိုးပေးနေသည်။ အဆိုပါ ဧပြီ ၂၀ ရက်နေ့က စတင်ကာကွယ် ဆေးထိုးပေးသည့်နေ့မှာပဲ လူဉီးရေ ၂၀၀၀ ကိုထိုးနှံခဲ့သည်ဟု KIO ကထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် ကူးစက်မြန် ကိုဗစ်-၁၉ Delta မျိုးစိပ်များ ကူးစက်မှု ဖြစ်ပွားနေသည့် အိန္ဒိယ ၊ မြန်မာ နယ်စပ် များကို ပိတ်ထား၌ တရုတ်နိုင်ငံအတွင်း ကူးစက်ခံရမည့် အခြေအနေကို တားဆီးရန် ကြိုးပမ်းလျက်ရှိနေသည်။

တရုတ်နိုင်ငံသည် သူ၏ နိုင်ငံအတွင်းမှာ ပိုးစစ်ဆေးမှု အစီအစဉ်များကို အထူးတိုးမြှင့် လုပ်ဆောင်နေသလို အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်အနီးအနားမှာလည်း ပြည်သူ့ ကျန်းမာ ရေး အပါအဝင် အမျိုးသားလုံခြုံရေး ရှုထောင့်အရ လည်းကောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအတွင်းနေ မျိုးနွယ်စုချင်း ဆက်ဆံရေး ရှုထောင့်အရ လည်း ကောင်း မြန်မာပြည်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး အစီအစဉ်များကို ပံ့ပိုးကူညီပေးနေသည်။

ပုံ- KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၀ ရက်က ထိုးပေးနေစဉ်(Kachinnet Burmese-fb) 

“၀” နှင့် မိုင်းလား ဒေသများမှ ကျန်းမာရေး ဝန်ထမ်းများကို သင်တန်းပေးမှုများ ရှိခဲ့သလို နယ်စပ်တလျှောက်နေ မြန်မာနိုင်ငံသားများကို ဆေးရုံတက်ရောက် ကုသနိုင်ရန်လည်း ပြီးခဲ့သည့်နှစ်က ကုသရေးဆေးရုံများ တည် ဆောက်ပေးခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ကာကွယ်ဆေးထိုးနှံရေးမဟာဗျူဟာတွင် အာနိသင်ထက်မြက်သည့် အိန္ဒိယနိုင်ငံက ကိုဗစ်ရှီလ်း ဆေးများနှင့် NLD အစိုးရလက်ထက်က စတင်ခဲ့သော်လည်း တပ်မတော်က နိုင်ငံတော်အာဏာကို ရယူလိုက်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပျက်ယွင်းသွားခဲ့သလို အိန္ဒိယနိုင်ငံကိုယ်တိုင်လည်း မျိုးစိပ် ပြောင်း ကူးစက်မြန် ဒယ်လ် တာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကြီးထွာလာခြင်းကြောင့် ကာကွယ်ဆေး ထပ်မံမပေးနိုင်မှုများ ဖြင့် ကြုံတွေ့လာခဲ့ရသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရုရှားနိုင်ငံနှင့် တရုတ် နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မှာယူနေရသည်။

ပုံ- တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းအနက် ၇ သိန်းကျော် ဇူလိုင် ၂၂ ရက်က မြန်မာပြည်သို့ရောက်စဉ်(တရုတ်သံရုံး-fb)

တရုတ်နိုင်ငံမှ မှာယူထားသည့် Sinovac ဆေး ၄ သန်းနှင့် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ၂ သန်း စုစုပေါင်း ၆ သန်းမှာ ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရောက်ရှိမည်ဖြစ်ရာ ဇူလိုင်လ ၂၂ ရက်နေ့ကတော့ ကိုဗစ်-၁၉ ကာကွယ် ဆေး ၇ သိန်းကျော် တရုတ်နိုင်ငံကနေ မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရေးတွင် အစိုးရဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အသက်ကြီးရွယ်အိုများ၊ ဘဏ်ဝန်ထမ်းများကို ပထမဆုံး ထိုးနှံပေးရန် စီစဉ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

#တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ #ကိုဗစ်ကာကွယ်ဆေးထိုးပေး #တရုတ်ဆေး #တရုတ်အကူအညီ #မြန်မာနိုင်ငံ #လက်နက်ကိုင်တို့ထိန်းချုပ်နယ်မြေ #ပြည်သူလူထု #ကျန်းမာရေး #ကိုဗစ်၁၉ #CNImyanmar #cninews