CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၃ 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း အခြေအနေ ဆိုးဝါးနေခြင်းကြောင့်ဟုဆိုကာ မြန်မာနိုင်ငံသားများကို ဗီဇာထုတ်ပေးခြင်းအား ဇူလိုင် ၂၆ ရက်မှစတင်၍ ရက်အကန့်အသတ် မရှိ ရပ်ဆိုင်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ကြေညာခဲ့သည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ကလည်း စင်ကာပူနိုင်ငံက မြန်မာနိုင်ငံသို့ သွားခဲ့ဖူးသော ခရီးသွား ရာဇဝင်ရှိသည့် ကာလတိုခရီးသွား ဧည့်သည်များနှင့် ကာလရှည်နေထိုင်သူ အားလုံးကို စင်ကာပူနိုင်ငံအတွင်းသို့ ပြည်ဝင် ခွင့် (သို့မဟုတ်) ဖြတ်သန်းခွင့် ရပ်ဆိုင်းကြောင်း ထုတ်ပြန် ကြေညာထားသည်။

ပုံ-ကိုဗစ်ကြောင့် ထိုင်းသံရုံးက မြန်မာနိုင်ငံကို ဗီဇာထုတ်ပေးမှု ဇူလိုင် ၂၆ ရက်မှ ရက်အကန့်အသတ်မရှိရပ်ဆိုင်းကြောင်းထုတ်ပြန်ချက်

ထိုကန့်သတ်ချက်သည် ဇူလိုင် ၁၅ ရက်၊ စင်ကာပူစံတော်ချိန် ည ၁၁း၅၉ နာရီမိနစ်မှ နောက်ထပ် ထုတ်ပြန် ချက် မထွက်ပေါ်သည်အထိ သက်ရောက်မှုရှိကြောင်း၊ ၂၁ ရက်အတွင်း မြန်မာနိုင်ငံမှ ဖြတ်သန်းလျက် စင်ကာပူ နိုင်ငံသို့ ပြည်ဝင်ခွင့် ကြိုတင်ရယူထားသည့် ခရီးသွားများနှင့်လည်း သက်ဆိုင်ကြောင်း စင်ကာပူအစိုးရက ထုတ်ပြန်ထား သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းမှာ ကူးစပ်မှုနှုန်းမြင့်တက်နေပြီးသလို သေဆုံးနှုန်းလည်း မြင့်တက်နေသည်။ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ သိန်းကျော်ရှိပြီး ဇူလိုင် ၂၁ နှင့် ၂၂ ရက်က ၆၇၀၁ ဉီးရှိကြောင်း သေဆုံးသူမှာ ၃၁၉ ဉီးရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

#ထိုင်း #မြန်မာ #ပြည်ဝင်ခွင့်ပိတ် #ဗီဇာထုတ်ပေးမှုရပ်ဆိုင်း #ကိုဗစ်၁၉ #ကျန်းမာရေး #စင်ကာပူ #ခရီးသြား #CNImyanmar #cninews