CNI News
၂၀၂၁ခုနှစ်၊ ဇူလိုင် ၂၄
COVID-19 ကာကွယ် ကုသထိန်းချုပ်ရေးလုပ်ငန်းတွင် CDM လုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများအပြင် ကျန်းမာရေးနှင့်ဆိုင်သည့် ပုဂ္ဂိုလ်အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ် ကမ်းလှမ်းခဲ့သော်လည်း CDM ဝန်ထမ်းများပါဝင်စေရန် တရားစွဲဆိုမှု များ ရုတ်သိမ်းပေးရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဉီးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။
ထိုအကြောင်းအား ဇူလိုင် ၂၃ ရက်နေ့က ပြုလုပ်သည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တစ်ဖက်ကလည်း ဒီကျန်းမာရေး ဆိုင် ရာ ပုဂ္ဂိုလ်တချို့ကလည်း ဒီ CDM လုပ်ထားတဲ့အတွက်ကြောင့် မလာကြတာလည်း ရှိကြတယ်။ ကျနော်လည်း အကြိမ်ကြိမ် အခါခါ ဖိတ်ခေါ်တယ်။ ခင်ဗျားတို့လာကြပါ။ ဒါလူမှုရေးကိစ္စ ဖြစ်တယ်။ နိုင်ငံ့အရေး ကိစ္စဖြစ်တယ်။ အမျိုးသားရေးကိစ္စ ဖြစ်တယ်။ ကူညီကြပါပြောတယ်။
တချို့လည်း လာကြတာလည်း ရှိတယ်။ တချို့လည်း အကြောင်း အမျိုးမျိုးကြောင့် မလာနိုင်တာလည်း ရှိပါတယ်။ ကျနော်ထပ်ပြီး မေတ္တာရပ်ခံပါတယ်။ ဒီဟာနဲ့ ပတ် သက်ပြီးတော့ ကျန်းမာရေး ဆိုင်ရာ ပုဂ္ဂိုလ်အားလုံး တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ကျနော် ပြောလိုပါ တယ်” ဟု ဆိုသည်။
CDM လုပ်ဆောင်နေသူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်အတွက် ထိုပုဂ္ဂိုလ်များအား ၅၀၅(က)၊ ၅၀၅(ခ) စသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားခြင်း၊ ထောင်ချထားခြင်း၊ ရာထူးမှ ဖယ်ရှားခြင်း၊ အလုပ်ထုတ်ခြင်းများ ရှိသည့် ကိုဗစ် တိုက်ဖျက်ရေးမှာ ပါဝင်နိုင်ရန်အတွက် စွဲဆိုထားသည့် အမှုများ ရုတ်သိမ်းကြောင်းနှင့် အမှုကြောင့် ပြစ်ဒဏ်ကျခံ နေရသူ များအား ထောင်ဒဏ် သတ်မှတ်ချက်များအား ဖျက်သိမ်းကြောင်း ကြေညာရန်လိုအပ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ဦးသန်းစိုးနိုင်က “CDM လုပ်ထားတဲ့အတွက် သူတို့ရဲ့စွဲချက်တွေ အမှုတွေ၊ ပြစ်ဒဏ်ချမှုတွေ၊ ထောင်တွင်း အကျဉ်း ချ ထားမှုတွေ အဲ့ဒါတွေ မဖြေရှင်းပဲနဲ့ဆိုရင်တော့ ဘယ်လိုလုပ်ပြီး ယုံကြည်မှုရှိမှာတုန်း။ ဘယ်လိုလုပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှာတုန်း။ အဲတော့ အဲဒီလုပ်ငန်းတွေ အရင်ဆုံး အလျှင်အမြန် လုပ်ဖို့လိုတယ်” ဟု CNI သတင်း ဌာနသို့ ပြော သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပုဒ်မ ၅၀၅(က)၊ (ခ) စသည့် ပုဒ်မများဖြင့် စွဲဆိုခံထားရသည့် အနုပညာ ရှင် တချို့ကိုသာ အမှုရုတ်သိမ်းကြောင်း ကြေညာထားပြီး ကျန်း မာရေးဝန်ထမ်းများကိုမူ အမှုရုတ်သိမ်းကြောင်း ကြေညာခြင်း မရှိပေ။
ဦးသန်းစိုးနိုင်က “လုံခြုံမှုပေးရမယ်ဆိုတာက ပထမဦးဆုံး ခုနကလိုပေါ့ စွဲချက်တွေ ပြစ်ဒဏ်ချမှုတွေ ဖျက်သိမ်း ပေးရမယ်။ ထောင်တွင်း အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေကိုလည်း လွှတ်ပေးဖို့လိုပါတယ်။ ဒါမှ သူတို့အနေနဲ့ တစ်စုံတစ်ရာ ယုံကြည်မှုရှိလာမယ်။ အဲ့ဒါအပြင် လက်တွေ့လည်း လုံခြုံရေးအင်အားစုတွေက လူထုကို အသိစိတ်နဲ့ ပါဝင်ဆောင် ရွက်နေတဲ့ CDM ဝန်ထမ်းဟောင်းတွေကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ လုံခြုံရေးအင်အားစုတွေ အနေနဲ့လည်း အရေးမယူနိုင်အောင်၊ ဝင်ရောက်စွက်ဖက် ကန့်ကွက်မှုတွေ မလုပ်နိုင်အောင် အမိန့်ကြေညာချက် တွေ ထုတ်ပြန်ပြီးတော့ ပြဌာန်းပေးဖို့လို အပ်မယ်လို့ထင်ပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 တတိယလှိုင်းဖြစ်ပွားနေပြီး ကူးစက်မှုနှုန်းမြင့်တက်သကဲ့သို့ သေဆုံးမှုနှုန်း လည်း မြင့်တက်လျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင် ၂၃ ရက် ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၅၈၈၇၀(၂ သိန်းကျော်)ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၇၇၀၂၁ ဦး ရှိ ကြောင်းနှင့် သေဆုံးသူ ၆၄၅၉ ဦးအထိ ရှိကြောင်း သိရသည်။
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#နစက
#ဉီးသန်းစိုးနိုင်
#CDM
#ကျန်းမာရေးဝန်ထမ်း
#ကိုဗစ်တိုက်ဖျက်ရေး
#ပူးပေါင်းပါဝင်ရန်ဖိတ်ခေါ်
#တရားစွဲ
#အမှုရုတ်သိမ်း
#ကျန်းမာရေး
#CNImyanmar
#cninews