လန်ဒန် ဇူလိုင် ၂၃

ဖိုင်ဇာ (Pfizer) Covid-19 ကာကွယ်ဆေးတွေ ထိုးနှံပေးရေး အချိန်ကွာဟချက်ရှိတာဟာ လူ့ခန္ဓာကိုယ်တွင်း ခုခံအားစနစ် ပဋိပစ္စည်း ထွက်ပေါ်နိုင်မှုစွမ်းရည် သိသာစေတယ်လို့ သုတေသနပြုချက်တစ်ခုက ဆိုထားတဲ့အကြောင်း UK နိုင်ငံမှ SKY သတင်းဌာနက ရေးသားဖော်ပြပါတယ်။

သုတေသနအသစ်အရ ဖိုင်ဇာ(Pfizer) ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံသုံးစွဲရာမှာ ရက်သတ္တပတ် ၈ ပတ် အချိန် ကွာဟမှု ပေးထားတာ အာနိသင် ပိုမိုထက်မြက်စေဖို့ အကြောင်းတစ်ခုဖြစ်တယ်လို့ အဲဒီသတင်းမှာ ဆိုထားပါတယ်။

ဗြိတိန်ကျန်းမာရေးဦးစီးဌာနရဲ့ ပံ့ပိုးမှုနဲ့ ပြုလုပ်နေတဲ့ သုတေသန လုပ်ငန်းတစ်ခုအရ Covid-19 ကာကွယ်ရေးထိုးနှံရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ရက်သတ္တ ၄ ပတ်ကွာဟမှုဟာ ဒီရောဂါပိုးအသွင်ပြောင်းမျိုးကွဲဖြစ်တဲ့ Delta ပိုးအပေါ်မှာ ပြင်းထန်တဲ့ကိုယ်ခံစွမ်းအား တုံ့ပြန်မှု ဖြစ်ပေါ်စေတယ်။

ဒါပေမယ့် တခြားသုတေသီတွေကတော့ ရက်သတ္တ ၁၀ ပတ်ကြာမြင့်ချိန်ကျမှ ခုခံစွမ်းအား ပဋိပစ္စည်း ထွက်ရှိမှု ပိုမို အားကောင်းစေတယ်လို့ တန်ပြန်ထောက်ပြ ထားကြပါတယ်။

လာမယ့် ဒီဇင်ဘာလကျရင် ဗြိတိန်နိုင်ငံက သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေး စတင်ထိုးနှံပေးတဲ့အခါ ပူးတွဲကာကွယ် ဆေးထိုးနှံမှု ပထမပိုင်း၊ ဒုတိယပိုင်းတို့အကြား ရက်သတ္တ ၁၂ ပတ် ခြားပေးဖို့ တချို့သုတေသီတွေက အကြံပေးနေကြပါတယ်။


ပုံ - ကိုဗစ်ကာကွယ်ဆေးထိုးရန် ဗြိတိန်နိုင်ငံသားများ စောင့်နေကြစဉ်(SKY.com) 

ဗြိတိန်နိုင်ငံမှာ လူပေါင်း ၄၆ ဒသမ ၃ သန်းကျော်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အနည်းဆုံး ထိုးနှံပေးနိုင်ခဲ့ပြီး နောက် ထပ် လူပေါင်း ၃၆ ဒသမ ၄ သန်းကျော်မှာ ကာကွယ်ဆေး အပြည့်အဝ ယခုအခါ ထိုးနှံနိုင်ပြီလို့ သိရပါတယ်။

အဲဒီသုတေသနလုပ်ငန်းတွေမှာ ပါဝင်တဲ့ အောက်စဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ ဆူဇန်နာဒူရန်ချီက “JCVI ကနေ မူလထောက်ခံ ချက် ပေးတာက ၁၂ ပတ်ခြားပေးဖို့ပါ။ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးတိုင်း ခုခံစွမ်းအားကို အမြင့်ဆုံးတုံ့ပြန်ဖို့ သုတေသန လေ့လာချက်ကို အခြေခံပြီး ဒီလိုခွဲခြားထိုးနှံပေးဖို့ ဆုံးဖြတ်ရတာဖြစ်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

“ဒါပေမယ့် အခုချိန်မှာ Covid ပိုး အသွင်ပြောင်းမျိုးကွဲဖြစ်တဲ့ ဒယ်လ်တာ (Delta) က ပိုများလာတဲ့အတွက် ပထမတစ်ကြိမ် ထိုးနှံမှုနဲ့ ဒုတိယတစ်ကြိမ်ထိုးနှံမှုတို့ရဲ့ ကြားကာလ ၈ ပတ်သတ်မှတ်တာ ပိုကောင်းတယ်လို့ ကျမ မြင်ပါတယ်” လို့ ၎င်းက ဆက်လက် ရှင်းပြပါတယ်။

ဗြိတိန်နိုင်ငံက ဆေးသိပ္ပံသုတေသီတွေဟာ ကျန်းမာရေးလုပ်သား ၅၀၄ ယောက်ရဲ့ ဖိုင်ဇာဂျက် (Pfizer jab) ကာကွယ်ဆေး ထိုးနှံပြီး ကိုယ်ခံအား တုံ့ပြန်မှုကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီကျန်းမာရေးလုပ်သားတွေရဲ့ ၄၄ ရာခိုင်နှုန်းမှာ ယခင်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူများ ဖြစ်ကြကြောင်း SKY သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

Source: SKY.com


#ကိုဗစ်ကာကွယ်ဆေး
#Pfizerဆေး
#ဗြိတိန်
#သုတေသန
#၈ပတ်ခြားထိုးရန်
#အာနိသင်ရှိ
#ကျန်းမာရေး
#နိုင်ငံတကာ
# ဒယ်လ်တာပိုး
#CNImyanmar
#cninews