CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် - ၂၄
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် အမျိုးသားလုံခြုံရေးပြဿနာဖြစ်လာသည့်အတွက် တစ်ဉီး ကောင်း တစ်ယောက်ကောင်းမဟုတ်ဘဲ အားလုံး ပူးပေါင်း ဖြေရှင်းကြရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဉီးဆောင်အဖွဲ့(PPST)က ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန် တိုက်တွန်းခဲ့သည်။
ကိုဗစ် - ၁၉ အရေးပေါ် အခြေအနေအား ဖြေရှင်းနိုင်ရန် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးကော်မတီကို ဖွဲ့စည်းလိုက် ကြောင်း PPST က ယနေ့ (ဇူလိုင် ၂၄) တွင် ထုတ်ပြန်သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက “ကိုဗစ် - ၁၉ ပြဿနာက အရေးပေါ်အခြေအနေဖြစ်တယ်။ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်တယ်။ အမျိုးသားရေး ပြဿနာ ဖြစ်တယ်။ အဲတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြီး ဖြစ်တယ်။ အဲပြဿနာကို ဖြေရှင်းဖို့ဆိုရင် တစ်ဦးကောင်း တစ်ယောက်ကောင်းမဟုတ်ပဲနဲ့ အားလုံး ပါဝင်ပြီး ပူးပေါင်းဖြေရှင်းဖို့ လိုအပ်တယ်ဆိုတဲ့ အခြေခံမူကနေပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံ ဖြစ်ပေါ် လာဖို့အတွက်ကို ညှိနှိုင်းဆောင်ရွက်မယ့် ကော်မတီဖွဲ့စည်းတာပေါ့နော်” ဟု CNI သတင်း ဌာနသို့ ပြောသည်။
PPST က ယနေ့ ဖွဲ့စည်းလိုက်သည့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးကော်မတီတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ရဲဘော်မျိုးဝင်း၊ ပဒိုစောတောနီး၊ စောမြရာဇာလင်း၊ ရဲဘော်ဆန်နီ၊ ဒေါက်တာ စိုင်းဦး၊ နိုင်အောင်မငေး၊ နန်းယဉ်ယဉ်စိုး၊ ဗိုလ်မှူး စောဟဲစေးနှင့် ဗိုလ်မှူးစောမူးအယ်ဝါးတို့ ပါဝင်သည်။
လက်ရှိ ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ် (၈) ရပ်ကို ချမှတ်ခဲ့ပြီး ကိုဗစ် - ၁၉ ကပ်ရောဂါဘေး အရေးပေါ်အခြေအနေတွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ လျင်မြန်စွာ လက်တွေ့ ချိတ်ဆက် အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်တွင်း Stakeholders များအားလုံး၊ နိုင်ငံတကာ အစိုးရ များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဟု PPST ၏ ထုတ်ပြန်ချက်မှာ ပြော ထားသည်။
PPST ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က NCA ထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP) တို့ဖြင့် ပထမဆုံး ဖွဲ့စည်းခဲ့သည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ ရက်တွင် NCA လက်မှတ်ထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်းကြောင့် လက်ရှိတွင် အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည်။
အထက်ပါ PPST တွင် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လှုပ်ရှားနယ်မြေများရှိ ပြည်သူလူထုကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး မည်သို့ဆောင်ရွက်မည်ကို သေချာ မသိရသေးသော်လည်း မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များဟု ခေါ်လေ့ရှိသည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)သည် ၎င်းတို့ ထိန်းချုပ်ထား သည့် ကျေးသီး ဝမ်ဟိုင်း ဒေသ အပြင် မိုင်းရှူး၊ မိုင်းရယ် ၊ သီပေါ၊ ကျောက်မဲ ၊ တန့်ယန်း ၊ နမ့်လန် ၊ လားရှိူး ဒေသများရှိ ပြည်သူလူထု လူဉီးရေ ၅ သိန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် စတင် လုပ်ဆောင်နေပြီး ဖြစ်သည်။
ထို့ပြင် “၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကလည်း “၀” ဒေသအတွင်းနေ ပြည်သူလူထု ၅ သိန်း ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးလျက်ရှိသလို အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) ကလည်း ၎င်းတို့ ထိန်းချုပ်ထားသည့် မိုင်းလား၊ဆီလူးဒေသအတွင်းနေ လူဉီးရေ ၁ သိန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးလျက်ရှိသည်။ အလားတူ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ကလည်း ၎င်းတို့ထိန်းချုပ် ထားသည့် မိုင်ဂျာယန်၊လိုင်ဇာဒေသများတွင် ၂၀၂၁ ခုနှစ်၊ဧပြီလ ၂၀ ရက် နေ့ကတည်းကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးလျက်ရှိသည်။
အဆိုပါ အဖွဲ့အစည်းများသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို တရုတ်အစိုးရထံ မှ လက်ခံရရှိကာ ထိုးပေးလျက်ရှိကြောင်း သတင်း ရင်းမြစ်များ ထံမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေရာတွင် ကိုဗစ်ပိုးတွေ့လူနာ ၂ သိန်းကျော်ရှိပြီး စုစုပေါင်း သေဆုံးသူ စတင်ဖြစ်ပွားစဉ်ကနေ ယနေ့ထိ ၆၀၀၀ ကျော် ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
#PPST
#ကိုဗစ်၁၉
#အမျိုးသားလုံခြုံရေးပြဿနာ
#ပူးပေါင်းဆောင်ရွက်ရန်
#နိုင်ငံတကာ
#မြန်မာ
#လက်နက်ကိုင်
#EAOs
#ကျန်းမာရေး
#ငြိမ်းချမ်းရေး
#CNImyanmar
#cninews