CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း သေဆုံးသူများ၏ Dead body များကို ရန်ကုန် စည်ပင်နယ်မှ သုဿန် ၉ ခုမှာ မီး သဂြိုဟ်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက သူ၏ လူမှုကွန်ယက် စာမျက်နှာကတဆင့် ပြောထားသည်။

ကိုဗစ်-၁၉ တတိယလှိုင်းတွင် သေဆုံးမှုများ မြင့်လာနေကြောင်း၊ ကိုဗစ်ရောဂါ ကြောင့် သေဆုံးသွားသူများရှိ သလို အခြားရောဂါ အခံရှိသူများလည်း သေဆုံး မှုများ ရှိလာကြောင်း၊ ဇူလိုင် ၁ ရက်မှာ ရန်ကုန်စည်ပင် သုဿန် ၉ ခုတွင် သဂြိုလ်ပေးလိုက်ရသူ ၁၅၃ ဦးရှိရာမှ တနေ့ နည်းနည်းချင်းများလာပြီး ဇူလိုင် ၁၁ ရက်တွင် ၅၀၀ ကျော်ရှိလာ၍ ဝန်ဆောင်မှုပေးရန် မနိုင်မနင်း ဖြစ်လာ ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက “ပုံမှန်ဆိုရင် သုဿန် ၉ ခုမှာ တနေ့ ၃၀၀ ခန့် သာ ဆောင်ရွက်ပေးနိုင်တော့၊ နေ့စဉ် လက် ကျန်တွေရှိလာပါ တယ်။ ဒါကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး ဌာနကို စီမံခန့်ခွဲမှုပုံစံပြောင်း ဆောင်ရွက်ရန် တာဝန် ရှိသူများနဲ့ တိုင်ပင် လုပ် ဆောင်ခဲ့ပါတယ်။ အဆိုင်း ၃ ဆိုင်းဖွဲ့စည်း Dead body လာပို့တဲ့ ပရဟိတနဲ့ညှိ၊ အသုဘပို့ သူတွေကို ရောဂါ ကူးစက်မှုမရှိအောင် ကိုဗစ်-၁၉ ညွှန်ကြားချက်တွေ နဲ့ အညီ နေရာချထား၊ သန့်ရှင်းရေးတိုးလုပ် သဂြိုလ်စက်တွေ ထပ်တိုးဆောက်၊ ဝန်ထမ်းအင်အားတိုး၊ ၂၄ နာရီဝန်ဆောင်မှုပေး စတာတွေ လုပ်ပေးလိုက် တာ ရက်သတ္တတစ်ပတ်အတွင်း အဆင်ပြေစွာ ကိုင်တွယ် နိုင်ခဲ့ပါတယ်”ဟု သူ၏ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားသည်။

 
ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနဲ့အဖွဲ့ ရေဝေးသုဿန်သို့ သွားရောက်စစ်ဆေးနေစဉ် (U Hla Soe-fb)
 
 
ရန်ကုန်စည်ပင်နယ်ရှိ သုဿနာများတွင် ပုံမှန်အားဖြင့် သေဆုံးသူ ၁၂၀ ကနေ အများဆုံး(နွေရာသီ အပူရှိန် မြင့်ချိန်မျိုးမှာ) ၁၄၀ ဝန်းကျင်အထိရှိကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှု ကာလ ဇူလိုင် ၁ ရက် တွင် ၁၅၃ ဦးရောက်ရှိခဲ့ကြောင်း၊ ဇူလိုင် ၁၁ ရက်တွင် ၅၆၂ ဦးနှင့် ဇူလိုင် ၁၈ ရက်တွင် ၁၂၃၄ ဦးအထိ မြင့်တက် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာနမှူး ဦးချိုထွန်း အောင် က မြဝတီသတင်းဌာနမှာ ပြောထားသည်။

ဦးချိုထွန်းအောင်က “ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဆုံးပါးသွားတဲ့ သူတွေကို သဂြိုဟ်ပေးရတဲ့အပိုင်း မှာ ယခင်က သေဆုံး သူ တစ်နေ့ကို ၁၂၀ ပုံမှန်ရှိပါတယ်။ အခုလက်ရှိ ကိုဗစ် တတိယလှိုင်းမှာတော့ ပုံမှန် ကနေ ဇူလိုင် ၁ ရက်နေ့မှာ ၁၄၀ လောက်စပြီး သဂြိုဟ်ပေးရတယ်၊ အဲဒီကနေ တောက်လျှောက် တက်လာတယ်။ ၁၀ ရက်ဝန်းကျင်လောက် မှာတော့ ၃၀၀ ကျော် ၄၀၀ လောက် ခုန်တက်လာပါတယ်။ ရေဝေးမှာများ နေရင် တခြားနေရာတွေမှာ သဂြိုဟ်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကိုတင်ပြခဲ့တယ်၊ နေ့ည ဆောင်ရွက် နိုင်အောင် လုပ်ခဲ့တယ်၊ အခု လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြောနေသလို ဖြစ်နေတာ တွေ မရှိပါဘူး”ဟု ပြော သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သေဆုံးသူများကို အဆိုင်း ၃ ဆိုင်းခွဲ၍ ရန်ကုန်စည်ပင်နယ်ရှိ သုဿန်များတွင် မီးသဂြိုဟ်ပေးနေကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေပြီး လူသေဆုံးနှုန်းနှင့် ကူးစက်ခံရမှု နှုန်းများလည်း မြင့် တက်လာခဲ့ရာ ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေဝေးနှင့် ကျီစု သုဿန်တို့တွင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသည့် Dead body များ စုပုံနေခြင်းကြောင့် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဝေဖန်ထောက်ပြမှုများ အရှိန်မြင့်တက်ခဲ့ သည်။

#ဦးလှစိုး

#ဦးချိုထွန်းအောင်

#ရန်ကုန်စည်ပင်

#ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ

#သေဆုံးနှုန်း

#သုဿန်

#မီးသဂြိုဟ်

#ကိုဗစ်၁၉

#ကျန်းမာရေး

#CNImyanmar

#cninews