CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၉
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက် လူစုလူဝေး လုံးဝရှောင်ကြဉ်ရန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင် ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့် အပါအဝင် အချက်(၇)ချက်ကို လိုက်နာကြရန် ပြည်သူသို့ အသိပေး ပန်ကြားချက်ဆိုကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (MoHS)က တိုက်တွန်းထားသည်။
အဆိုပါ တိုက်တွန်းချက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပြည်သူတို့အတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု ကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများအနေဖြင့် ပူး ပေါင်း ပါဝင်ဆောင်ရွက်မှသာ အဆိုပါ လုပ်ငန်းများသည် အချိန်တိုအတွင်း ထိရောက်အောင်မြင်၍ ယခု ဖြစ်ပေါ်လျက်ရှိသော ရောဂါ တတိယလှိုင်းကို ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။
ထို့နောက် တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ပါ၊ အိမ်တွင် နေထိုင်ခြင်းသည် မိမိကိုယ်တိုင်နှင့်အတူနေ မိသားစုဝင်တို့ အား ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ ရောဂါ ကွင်းဆက်များကို အချိန်တိုအတွင်း ပြတ်တောက်စေခြင်းနှင့် ဒေသတွင်း ရောဂါကို အမြန်ဆုံးထိန်းချုပ်နိုင်ခြင်းရလဒ်တို့ကို ရရှိစေပါသည်ဟု MoHS က ဆိုသည်။
MoHS က“အိမ်တွင် ဧည့်သည် လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝ မပြုပါနှင့်။ လူစုလူဝေး လုံးဝ ရှောင်ကြဉ်ပါ။ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူပါ၊ ပါးစပ်နှင့်နှာခေါင်း စည်း စနစ် တကျ တပ်ဆင်ထားခြင်း မရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်”ဟု ပြည်သူသို့အသိပေး ပန်ကြား ချက်တွင် တိုက်တွန်းထားသည်။
ထို့ပြင် မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ တပ်ဆင်ပါ၊ လက်ကို အနည်းဆုံး စက္ကန့် (၂၀)ကြာအောင် စနစ်တကျ ဆေးကြောပါ၊ အခြား သူများနှင့် (၆)ပေအကွာ ခပ်ခွာခွာနေပါ၊ လေဝင်လေထွက် မကောင်း သော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သည့် ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှု ပညာရပ်များဖြင့် စနစ်တကျ ပါဝင်ပူးပေါင်း ပံ့ပိုးပေးကြပါရန် တိုက် တွန်းထားသည်။
“အပြင်ထွက်ရာမှ အိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ ရောဂါပိုးများသယ်ဆောင်လာခြင်းမရှိစေရန် သတိပြုပါ၊ အသုံးပြု ပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် တစ်ခါသုံး ပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ပါ၊ အဝတ်အစား မလဲမီ/ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ”ဟု MoHS က ဆို သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ တတိယလှိုင်း၌ အောက်ဆီဂျင် လိုအပ်မှု မြင့်မားနေပြီး အရေးပေါ် ဖြေရှင်းရန် လိုအပ်နေသည်။ လူသေနှုန်းနှင့် ကူးစက်နှုန်းမှာ လည်း မြင့်တက်နေခြင်းကြောင့် စနစ်ကျသော ကုသမှုအပိုင်းများနှင့် ကာကွယ်ဆေးထိုးနိုင်ရေး မဟာဗျူဟာများ ဖော်ဆောင်ရန်လည်း လိုအပ်နေသည်ဟု ပညာရှင်များက ဆိုကြ သည်။
ဇူလိုင် ၁၈ ရက် ည ၈ နာရီမှ ဇူလိုင် ၁၉ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၉၁၆ ခုကို စစ်ဆေးခဲ့ရာ ကိုဗစ် -၁၉ အတည်ပြုလူနာ ၅၁၈၉ ဦးတွေ့ရှိကြောင်း ယနေ့ (ဇူလိုင် ၁၉ ရက်) ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန (MoHS)က သတင်းထုတ်ပြန်ထားသည်။
#ဈေးသည် #Maskတပ်ရန်တိုက်တွန်း #ကျန်းမာရေး #ကိုဗစ်၁၉ #ပြည်သူသို့အသိပေးပန်ကြားချက် #လူစုလူဝေးမလုပ်ရန် #အပြင်မထွက်သင့် #လက်ကိုဆေးကြောပါ #CNImyanmar #cninews