CNI News
စင်ကာပူ၊ ဇူလိုင် ၂၀
တရုတ်နိုင်ငံတွင် ဇန်နဝါရီလမှစ၍ Covid-19 အတည်ပြုဖြစ်ပွားသူစာရင်း နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ ဇူလိုင် ၂၀ ရက်၊ အင်္ဂါနေ့ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ယူနန်ပြည်နယ် အနောက်တောင် ပိုင်းတွင် ကူးစက်ဝင်လာရောက်မှု များပြားလာကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
တရုတ်ပြည်မကြီးတွင် ဇူလိုင် ၁၉ ရက် ယမန်နေ့က Covid-19 အတည်ပြုလူနာသစ် ၆၅ ဦးကို မှတ်တမ်းတင်ခဲ့ရာ သည့်မတိုင်မီ တစ်ရက်က ၃၁ ဦးရှိခဲ့မှုနှင့် နှိုင်းယှဉ်လျက် တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ဖော်ပြသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်က အတည်ပြုလူနာသစ် ၉၂ ဦးမှာ တစ်ရက်တည်းတွင် အများဆုံးစံချိန်တင်ခဲ့သည်။
ဇူလိုင် ၁၉ ရက်တွင် ယူနန်ပြည်နယ်၌ ပြည်ပမှ ဝင်ရောက်ကူးစက်ခံရမှု ပိုမိုများပြားလာခဲ့ပြီး တစ်ရက်တည်းတွင် ကူးစက်ခံရသူ ၄၁ ဦးတိုးလာကြောင်း တရုတ်၏ ထုတ်ပြန်ချက်က ဆိုသည်။ ထိုကူးစက်ခံရသူ အားလုံးသည် မြန်မာနိုင်ငံမှ ပြန်လာသော တရုတ်နိုင်ငံသားဖြစ်ကြောင်း တရုတ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇူလိုင် ၄ ရက်မှစ၍ ယူနန်ပြည်နယ်တွင် ဖြစ်ပွားမှု ပြင်းထန်လာခဲ့ပြီး ရွှေလီနှင့် Longchuan တို့အတွင်း ပိုမို ပြင်း ထန်ကြောင်း၊ ထိုမြို့နှစ်မြို့စလုံးသည် တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိကြောင်း သိရသည်။
ရွှေလီသည် ယူနန်ပြည်နယ်သို့ အဓိကဝင်ပေါက်ထွက်ပေါက်ဖြစ်ပြီး ယင်းပြည်နယ်အနေဖြင့် လာအို၊ ဗီယက်နမ်၊ မြန်မာတို့နှင့် ကီလိုမီတာ ၄၀၀၀ ကျော် ရှည်လျားစွာ ထိစပ်နေ သည်။
ယူနန်တွင် ဖြစ်ပွားသော ပိုးအမျိုးအစားမှာ Delta strain အသွင်ပြောင်း ဗိုင်းရပ်စ်ဖြစ်ပြီး အလားတူ တရုတ်နိုင်ငံ တောင်ဘက်ခြမ်းရှိ ဂွမ်ဒေါင်းပြည်နယ်တွင် ပြီးခဲ့သည့်မေလမှ ဇွန်လအထိ ကူးစက်ခံခဲ့ရသည်။
တရုတ်ပြည်မကြီးအနေဖြင့် ဇူလိုင် ၁၉ ရက်နှင့် ၁၇ ရက်တို့က ဖြစ်ပွားမှုနှုန်းချင်း နှိုင်းယှဉ်ကြည့်ရာ ရောဂါ လက္ခဏာမပြသော ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ၁၉ ခုကို တွေ့ခဲ့ရသည်။ ရောဂါလက္ခဏာမပြသော ကူးစက်မှုကို အတည်ပြုဖြစ်ပွားမှုအဖြစ် တရုတ်က မသတ်မှတ်ပေ။
တရုတ်နိုင်ငံတွင် Covid-19 ဖြစ်ပွားသူစုစုပေါင်း ၉၂,၃၄၁ ဦးရှိပြီး ၄,၆၃၆ ဦးမှာ သေဆုံးခဲ့ပြီး ဖြစ်သည်။
Source: Channel News Asia
#တရုတ် #ရွှေလီ #covid19 #ကူးစက် #Delta #ယူနန် #China #Yunnan #Guangdong #outbreak #မြန်မာ #CNImyanmar