CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင်လ ၁၇

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည်သူများထားရှိ ရန်အတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ကိုဗစ်-၁၉ Quarantine Center များ တည်ဆောက်နေ ကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံးက ဇူလိုင်လ ၁၆ ရက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခို ရေး စခန်းများ၌ ကြိုတင်ပြင်ဆင်မှုများ လုပ်နေကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ ၌ Quarantine Center များ တည်ဆောက်နေသည်ဟု တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဆိုထား သည်။

လက်ရှိတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၁၀ ဉီးနှင့် အမျိုးသမီး ၇၇ ဉီး စုစုပေါင်း ၁၈၇ ဉီးအားလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု လူနာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၃ ဦးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုလူနာ အမျိုးသား ၄၇၆ ဦးနှင့် အမျိုးသမီး ၂၈၇ ဦး စုစုပေါင်း ၇၆၃ ဦးအား လည်း ကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုလူနာ အမျိုးသား ၁၈၅ ဦးနှင့် အမျိုးသမီး ၈၂ ဦး စုစုပေါင်း ၂၆၇ ဦးအားလည်းကောင်း လက်ခံထားကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ပြည်သူလူထုကြားမှာတော့ ကိုဗစ်စင်တာများ မည်သည့် နေရာတွင် ဖွင့်လှစ်ထားကြောင်းနှင့် မည်သို့ ဆက်သွယ် လာရောက် ကုသရမည်နည်းဆိုသော သတင်းအချက်အလက်များ မရရှိဘဲ ဖြစ်နေကြောင်း သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွား နေသော ကိုဗစ် တတိယလှိုင်းတွင် အောက်ဆီ ဂျင်ရရှိမှု အခက်အခဲများ ဖြစ်ပွားနေသည့်အတွက် အဓိက ဖြေရှင်းပေးရန်လည်း ပြည်သူလူထုက တောင်းဆိုလျက်ရှိသည်။

ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူလူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုး ၅၆၆ လုံး၊ Surgical Mask ၂၈၀၁၆၂ ခု၊ Personal Protective Equipment(PPE)ဝတ်စုံ ၁၀ စုံ၊ Hand Gel ၄၇၉ ဘူး၊ Face Shield ၁၅၀ ခု၊ လက်ဆေးဆပ်ပြာရည် ၄ ပုံး၊ လက်အိတ် Surgical Gloves ၁၀၀ ခု၊ စက်သုံးဆီများ၊ အဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို သွားရောက် ပေးအပ် လှူဒါန်းခဲ့သလို ဆက်လက် လှူဒါန်းပေးမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင်လ ၁၆ ရက် ထုတ်ပြန်ထားသည်။

#တပ်မတော်
#ကိုဗစ်၁၉
#ကိုဗစ်ကာကွယ်ရေး
#QuarantineCenter
#တည်ဆောက်နေ
#အတည်ပြုလူနာများလက်ခံထား
#ကျန်းမာရေး
#တိုင်းစစ်ဌာနချုပ်နယ်မြေများ