CNI News
ဘန်ကောက် ဇူလိုင် ၁၇
ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ဆိုးဝါးလာမှုကို တုံ့ပြန်သည့်အနေဖြင့် တစ်အိမ်တက်ဆင်း စမ်းသပ်စစ်ဆေးရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့များနှင့်ရဲများကို မြို့တော်ခန်းမ (စည်ပင်ဝန်ထမ်း)များနှင့်အတူ လက်တွဲပူးပေါင်း အကောင်အထည်ဖော် ကြရန် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ညွှန်ကြားလိုက်ကြောင်း ဘန်ကောက်ပို့စ်က ဇူလိုင် ၁၇ ရက်၊ ယနေ့နံနက်ပိုင်းမှာ ရေးသားဖော်ပြသည်။
ယင်းလှုပ်ရှားမှုသည် ဘန်ကောက်မြို့တဝန်း ရောဂါကူးစက် ခံထားရသူများကို ပိုက်စိပ်တိုက်ရှာဖွေပြီး သီးသန့်ထားရှိရန် ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါ ပူးပေါင်းအဖွဲ့များကို ဘန်ကောက်နှင့် အနီးတဝိုက်ရှိ ပြည်နယ်များထံသို့ စေလွှတ်မည် ဖြစ်ပြီး တစ်အိမ်တက်ဆင်း ကိုဗစ်- ၁၉ အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်သည်။
ထိုသို့ စစ်ဆေးပြီးနောက် ရောဂါလက္ခဏာပြသသူများကို ဆေးရုံသို့ ချက်ချင်းလွှဲပြောင်းပေးခြင်းအားဖြင့် ရောဂါ ကူးစက်ခံ ရသူ အသစ်များသည် ကူးစက်ခံရနိုင်ခြေ ရှိသူများနှင့် ထိတွေ့ဆက်ဆံမှု မရှိတော့ဘဲ ရောဂါသည် သီးသန့် စောင့်ကြည့် ကုသပေးနိုင်မည်ဟု သတင်းရင်းမြစ်တစ်ခုက ဘန်ကောက်ပို့စ်ကို ရှင်းပြသည်။
နေအိမ်တွင်း ရောဂါစောင့်ကြည်ခံရသူ (Home Quarantine) များကိုလည်း တိုင်းရင်းဆေးနည်းများဖြစ်သည့် အစိမ်းရောင် chiretta (Andrographis paniculata)နှင့် အဖျားပျောက် ဆေးအချို့ကိုလည်း ဝေငှပေးမည်ဖြစ်သည်။ ထို့ပြင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်က ဘန်ကောက်နှင့်အနီးတဝိုက်ရှိ ကိုဗစ်-19 လူနာများ သယ်ယူပို့ဆောင်ရေးနှင့် ၎င်းတို့ကို ထားရှိမည့် အဆောက်အဦ စီစဉ်ပေးရေးတို့ကို လက်နက်ကိုင်တပ်ဖွဲ့များထံ အမိန့်ပေးထားကြောင်း ထိုင်းပြည်တွင်း လုံခြုံမှုစစ်ဆင်ရေး အဖွဲ့မှူး ဗိုလ်ချုပ် သနာသစ်စဝမ်ဆောင်က ပြောသည်။
ဝန်ကြီးချုပ်အနေဖြင့် ရောဂါကပ်ဘေးခံစားရသူများကို ကယ်ဆယ်ရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရန် တူပန်းဆောက်ဟု ခေါ်သည့် “ပျော်ရွှင်မှုဝေငှသည့်ပုံး” များ ဝေငှချထားရန် လည်း အမိန့်ပေးထားကြောင်း ဗိုလ်ချုပ်သနာသစ်စဝမ်ဆောင်က ပြောသည်။
တစ်ချိန်တည်းမှာပင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုအာဏာပိုင်အဖွဲ့(FDA) က ဇူလိုင် ၁၆ ရက်၊ ယမန်နေ့က ထိုင်း ပြည်သူများ ပိုမိုအဆင်ပြေစေရန် ကိုဗစ်- ၁၉ antigen test kit (၄) မျိုး ရောင်းချပေးရန် အတည်ပြုခဲ့သည်။ သို့ဖြစ်၍ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းကို ထိုင်းပြည်သူများအနေဖြင့် ဆောလျင်စွာ သိရှိနိုင်မည်ဖြစ်သည်။
ထိုဆေးဘက်ဆိုင်ရာ စမ်းသပ်ကိရိယာများကို ပြည်သူများကိုယ်တိုင် စမ်းသပ်နိုင်ရန် ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံ ထားကြောင်း ထိုင်း FDA က ဆိုသည်။
စမ်းသပ်ကိရိယာများနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထိုင်း FDA ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း FDA တာဝန်ရှိသူ ဒေါက်တာပိုင်ဆယ်က ပြောကြားသည်။ FDA အတည်ပြု ထားသော test kit များမှအပ အခြား test kit များကို ရောင်းချခြင်း (သို့မဟုတ်) ကြော်ငြာခြင်း ပြုလုပ်ပါက ထောင်ဒဏ် ၆ လ (သို့မဟုတ်) ငွေဒဏ် ဘတ် ၅ သိန်း (သို့မဟုတ်) ထောင်ဒဏ်နှင့်ငွေဒဏ် နှစ်မျိုး ကျခံရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒီကိရိယာတွေကို အစိုးရပိုင် ကျန်းမာရေးစောင့်ရှောက်မှုဌာနများ၊ အစိုးရရုံးများနှင့် လိုင်စင်ရဆေးဆိုင်များမှာ ရောင်းချ ပေးမှာဖြစ်ပါတယ်” ဟု ဒေါက်တာပိုင်ဆယ်က ရှင်းပြသည်။
Source: Bangkok Post
#ဘန်ကောက် #covid19 #chiretta #antigen #test #kit #Bangkok #Thailand #FDA #လက်နက်ကိုင်တပ်ဖွဲ့ #CNImyanmar