CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆
ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်နေရသည့် အခြေအနေတွင် ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသ ကြီး၊ လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က(၉)သို့ ကျန်းမာရေး ပစ္စည်း များ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင်လ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေရာ ကျောင်းများတွင်လည်း ကူးစက်သည့် အခြေအနေ ပေါ်ပေါက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံ လူငယ်များ၏ ကျန်းမာရေးနှင့် ဘေးကင်းမှုကို အာမခံနိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက(၁၁)ခုမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်းဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း (ထ-ခွဲ) အ.လ.က(၉) လှိုင်သာယာသို့ ဆေးရုံသုံးနှာခေါင်းစည်း အခုရေ ၃၀၀၀၀ (သုံးသောင်း)၊ Face Shield ၈၀၀ ခု၊ ပိုးသတ်ဆေးရည် ၅၀ ပုံး၊ ရေမလို လက်သန့်ဆေးရည် ၃၀၀ ဘူးတို့ကို လှူဒါန်းပေးခဲ့သည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အခြေခံပညာအထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က(၉) လှိုင်သာယာတွင် ကျောင်းသား/သူ ၊ ဆရာ/ဆရာမ ပေါင်း ၁၅၀၀ ကျော်ရှိပြီး လှူဒါန်းမှုမှ လက်ခံရရှိသော ကျန်းမာရေး သုံးပစ္စည်းများကို ကျောင်းသား/သူများ နှင့် ဆရာ/ဆရာမများထံ ခွဲဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂ သိန်းကျော်ရှိပြီး မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်၊ မတ်လမှစ၍ ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၈ နာရီအထိ စုစုပေါင်း သေဆုံးသူ ၄၃၄၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
#တရုတ်သံရုံး #ကိုဗစ်၁၉ #စာသင်ကျောင်း #လှိုင်သာယာ #မြန်မာနိုင်ငံ #တတိယလှိုင်း #ကျန်းမာရေး #ကျန်းမာရေးဆေးပစ္စည်း #ရန်ကုန်