CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင်လ ၁၆
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွား၍ ကူးစက်မှုနှင့် သေဆုံးမှု များပြားလာခြင်းကြောင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA) အုပ်ချုပ်နယ်မြေ အထူး ဒေသ(၄)အတွင်း သွားလာသူများ အနေဖြင့် နှခေါင်းစည်း(Mask)တပ်ရန် အသိပေးထုတ်ပြန်ထားရာ မတပ်ပါက ပြစ်ဒဏ် ၁၅ ရက် ထိန်းသိမ်းခံရ မည်ဟု အထူးဒေသ(၄) ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အများပြည်သူ သွားလာရာနေရာများတွင် ပြည်သူများအနေဖြင့် နှာခေါင်းစည်းတပ် ဆင်ခြင်း၊ ကျန်းမာရေးကတ်ထုတ်ပြခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ပိုးသတ်ခြင်းတို့ ဆောင်ရွက်ပြီးမှသာ ဝင် ရောက် သွားလာနိုင်မည်၊ အများပြည်သူ သွားလာရာနေရာများ၏ အဝင်ပေါက်ရှိ ထင်သာမြင်သာသည့် နေရာ၌ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်မှသာ ဝင်ရောက်နိုင်ကြောင်း သတိပေး ဆိုင်းဘုတ်ထားရှိရ မည်ဟု ဆို ထားသည်။
ထို့နောက် အများပြည်သူ သွားလာရာနေရာများတွင် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ ဝင်ရောက်သူများအား ဖျောင်းဖျပေးရမည်၊ ဖျောင်းဖျ၍ မရသူများအား အထူးဒေသ(၄) ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီး စည်းကမ်းသတ် မှတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။
ပုံ-အထူးဒေသ(၄)တာဝန်ရှိသူများက ပြည်သူများကို Mask တပ်ပေးနေစဉ်(Mongla)
အထူးဒေသ(၄)ရဲတပ်ဖွဲ့က “အထူးဒေသ(၄) ရဲတပ်ဖွဲ့သည် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး အများပြည်သူ သွားလာရာ နေရာများတွင် ရှောင်တခင် ကင်းလှည့်စစ်ဆေးလျက်ရှိပါသည်။ ဤသို့ ကင်းလှည့်စစ်ဆေးရာတွင် နှာခေါင်း စည်း မတပ်ဆင်သူများ တွေ့ရှိပါက စည်းကမ်းသတ်မှတ်ချက်အရ ပြစ်ဒဏ်(၁၅)ရက် ထိန်းသိမ်းခြင်းခံရမည်၊ လုပ်ငန်း တာဝန် ထမ်းဆောင်မှုအား တားဆီး နှောင့်ယှက်သူများသည် ပြစ်မှုမြောက်ပါက တရားဥပဒေအရ အရေးယူခြင်းခံရမည်”ဟု ဆိုသည်။
ကျန်းမာရေးကတ်အား ခိုးယူအသုံးပြုခြင်း၊ အတုအပ ပြုလုပ်ခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက တရားဥပဒေအရ အရေးယူခြင်းခံရမည်ဟုလည်း အထူးဒေသ(၄) ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်က ပြည်သူများအား နှာခေါင်း စည်း(Mask)တပ်ရန် နှိုးဆော်သည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ဤအသိပေးနှိုးဆော်ချက် ထုတ်ပြန်သည့် အချိန်မှစ၍ အကျုံးဝင်သည်၊ ရုတ်သိမ်းမည့်ရက်အား ထပ်မံအသိပေး အကြောင်းကြားမည်ဟု အထူးဒေသ(၄) ရဲတပ်ဖွဲ့က ပြောသည်။
အထူးဒေသ(၄)ဆိုသည်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားဒေသ၊ ဆီလူးဒေသ၊ နမ့်ပန်းဒေသ စသည့် ဒေသ (၃)ခုကို စုစည်းကာ အစိုးရက NDAA နှင့် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်က ငြိမ်းချမ်းရေးရယူပြီးနောက် သတ်မှတ် ပေးခဲ့ခြင်းဖြစ်သည်။
ပုံ-အထူးဒေသ(၄)တာဝန်ရှိသူများက ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် စာရင်းကောက်နေစဉ်(Mongla)
လက်ရှိတွင် NDAA သည် မိုင်းလားမြို့ကို အုပ်ချုပ်ရေးမြို့တော်အဖြစ် သတ်မှတ်ကာ အထူးဒေသ(၄)အတွင်းရှိ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး စသည့် အုပ်ချုပ်ရေးပိုင်းများကို စီမံ ကွပ်ကဲလျက်ရှိသည်။
NDAA ၏ အထူးဒေသ(၄)တွင် ရှမ်း၊ အာခါ၊ ပလောင်၊ လွယ်၊ ဗမာ၊ ရခိုင်၊ ဝ၊ ကိုးကန့်၊ တရုတ် စသည့် လူမျိုးများ အပါအဝင် တခြားသော လူမျိုးပေါင်းစုံနေထိုင်ကြသည်။ လူဦးရေ ၁ သိန်းကျော် နေထိုင်လျက်ရှိ သည်။
အထူးဒေသ(၄)သည် စီးပွားရေးမြို့တော်ဖြစ်ပြီး ဟိုတယ်လုပ်ငန်းများ၊ ရာဘာလုပ်ငန်းများ၊ ငှက်ပျော်စိုက်ခင်း လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ကာစီနိုလုပ်ငန်းများ၊ အပျော်မယ် လုပ်ငန်းများ စသဖြင့် လုပ်ကိုင် ကြသလို မဂ္ဂနီဆီယမ်သတ္တုနှင့်ရာဘာကုန်ချောထုတ် စက်ရုံများလည်းရှိသည်။ ထို့ပြင် တရုတ်-ထိုင်း-လာအို တို့ဖြင့် ကုန်သွယ်လျက် ရှိသလို ကုန်သွယ်နိုင်ရေးအတွက်လည်း ဆွတ်လေဆိပ်ကမ်းတစ်ခုကို ပိုင်ဆိုင်ထား သည်။
#မိုင်းလား #NDAA #အထူးဒေသ(၄) #ရဲတပ်ဖွဲ့ #နှာခေါင်းစည်း #Maskတပ်ရန် #အရေးယူမည်
#ပြစ်ဒဏ်၁၅ရက် #စီးပွားရေးမြို့တော် #ကျန်းမာရေး