CNI News
စင်ကာပူ ဇူလိုင် ၁၅
စင်ကာပူနိုင်ငံတွင် Covid-19 အသစ်ဖြစ်ပွားမှုများမှာ ကာရာအိုကေ (KTV) ခန်းများမှ အစုလိုက် အပြုံလိုက် ကူးစက်ခံရ၍ ဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဇူလိုင် ၁၅ ရက်မှာ သတင်းဖော်ပြခဲ့သည်။
ရပ်ကွက်အတွင်း နေထိုင်သူများကို ပိုးရှိ/မရှိ ကွင်းဆင်း စစ်ဆေးချက်များအရ ရောဂါကူးစက်ခံရသူ အများစုသည် အစား အသောက်နှင့် ယမကာ ပူးတွဲရောင်းချပေးသည့် KTV ခန်း များတွင် ကူးစက်ခံရပြီးနောက် ၎င်းတို့နေအိမ်အသီးသီးသို့ ဗိုင်းရပ်စ် ပိုး သယ်ဆောင်ဖြန့်ဖြူးသူများ ဖြစ်နေကြောင်း တွေ့ရှိရသည်။ ဇူလိုင်လ ၁၄ ရက် စစ်ဆေး တွေ့ရှိချက်များအရ ပိုးတွေ့လူနာ ၅၆ ဦးအနက် ၄၂ ဦးမှာ ကာရာအိုကေခန်းများနှင့် ဆက်စပ်နေကြသည်ဟု စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
စင်ကာပူမီဒီယာများ၏ အဆိုအရ ဇူလိုင် ၁၁ ရက်က ဆေးကုသမှုခံယူခဲ့သော ဗီယက်နမ်အမျိုးသမီးတွင် KTV နှင့် ဆက်စပ်၍ ကိုရိုနာဗိုင်းရပ်စ်ပိုး ပထမဦးဆုံး တွေ့ရှိခဲ့ရသည်။ စင်ကာပူနိုင်ငံတွင် ဗိုင်းရပ်စ်ပိုးထိတွေ့၍ သံသယရှိသူ မည်သူ မဆို အခမဲ့ စမ်းသပ်စစ်ဆေးပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနက ကမ်းလှမ်းလျက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့်ပတ်သက်၍ သတ်မှတ်ထားသော တားမြစ်ချက် ချိုးဖောက်သူများကို ရဲတပ်ဖွဲ့က ဖော်ထုတ် အရေး ယူသွားမည်ဖြစ်ကြောင်း စင်ကာပူကျန်းမာရေး ဝန်ကြီး Ong Ye Kung က အစောပိုင်းတွင် သတိပေးထားပြီး ဖြစ်သည်။
“မီးဖိုချောင်ဝန်ဆောင်မှုပေးတာတွေ၊ အန်စာတုံးဂိမ်းတွေ၊ တစ်ဦးနဲ့တစ်ဦး အနီးကပ် ထိတွေ့မှုပေးတဲ့ ဆိုင်တိုင်းကို ဘယ်တော့ မှ ခွင့်မပြုခဲ့ဘူး” ဟု Ong Ye Kung က ဒေသခံ မီဒီယာသို့ ပြောကြားခဲ့ကြောင်း CNA သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။
“အခု ဖြစ်ပျက်ကူးစက်နေပုံတွေက စိတ်ပျက်စရာကောင်းတယ်ဗျာ” ဟု ၎င်းက ညည်းညူသွားခဲ့သည်။
တားမြစ်ချက်ချိုးဖောက်၍ KTV ခန်းများတွင် ပျော်ပါးသောက်စားနေသူများအပေါ် စွဲချက်တင်ခဲ့ရာ တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ် အမျိုးသမီးများ အပါအဝင် အမျိုးသမီး အယောက် ၂၀ ဖမ်းဆီးခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ကြေညာချက်တစ်စောင်တွင် ဆိုထားသည်။ အလားတူ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများကို ချိုးဖောက်သည့် တည်းခိုခန်း (၃) ခန်းကိုလည်း စုံစမ်းစစ်ဆေးခဲ့သေးသော်လည်း ယင်းအမှုများမှာ ကာရာအိုကေနှင့် ဆက်စပ်မှုမရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံမှု တိုးတက်လာသော်လည်း လူစုလူဝေးနှင့်ပတ်သက်၍ မကြာခင်ကမှ ကန့်သတ်ထားသော တားမြစ် ချက်များကို ပြန်လည်လျှော့ချရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း ဝန်ကြီးက ဆက်လက်ပြောခဲ့သည်။
စင်ကာပူအစိုးရသည် ၎င်းတို့နိုင်ငံ၏ အမျိုးသားနေ့ဖြစ်သော လာမည့် ဩဂုတ်လ ၉ ရက်တွင် ပြည်တွင်းလူဦးရေ သုံးပုံနှစ်ပုံကို ကာကွယ်ဆေးအပြီးသတ် ထိုးနှံပေးရန် ရည်ရွယ် ထားသည်။
Source: aljazeera.com
#စင်ကာပူ #KTV #ကာရာအိုကေ #ကိုဗစ်၁၉ #ပိုးတွေ့လူနာများ #ကျန်းမာရေး #အစိုးရ #အရေးယူ #တားမြစ် #ဆေးထိုးရန်တိုက်တွန်း #အမျိုးသမီး #OngYeKung