CNI News

၂၀၂၁ခုနှစ်၊ ဇူလိုင် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် Stay at Home ကာလအတွင်း မည်သည့် ခရီးသွားထောက်ခံစာနှင့်မျှ မြို့ကို ဝင်ခွင့် မပြုကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တွင်  ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မြင့်တက်နေသည့် မြို့နယ် (၆)မြို့နယ်ကို Stay at Home သတ်မှတ်ခဲ့ပြီး လားရှိုးမြို့နယ်အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်က မြို့အဝင်အထွက်ကို ကန့်သတ်လိုက်သည် ဟု သိရသည်။

“ထွက်တာတော့ ပေးထွက်တယ်လို့ ပြောတယ်၊ဝင်တာတော့ လုံးဝ ပေးမဝင်ဘူးလို့ပြောတယ်။ ကုန်စိမ်းကား လောက်ပဲ ပေးဝင်တာတို့ အဲလောက်အထိပဲ ကျနော်က သိတာ၊ ဒီက ထွက်ရင်တော့ ထွက်ရတယ်။ ပြန်ဝင်လို့ တော့ လုံးဝ မရဘူးလို့ပြောတယ်၊ အဝင်မခံဘူး။ ဝင်တဲ့ကားက ဆေးရုံလာတဲ့ ကားနဲ့ အသီးအနှံတွေ လာပို့တဲ့ ကားပဲ ပေးဝင်တယ်လို့ ပြော တယ်။ ကျနော်တို့ နာ/ကူ ကားတွေကတော့ အဲဖက် ဖြတ်သွားဖြတ်လာ လုပ်နေ တော့ စစ်ဆေးနေကြတာ တွေ့တယ်။ မနက်ပိုင်းတော့ လုပ်တယ်။ နေ့လည်ပိုင်းတော့ သိပ်မတွေ့ ဘူး” ဟု ကမ္ဘောဇပရဟိတအသင်းမှ ဥက္ကဋ္ဌ ဦးဆန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဇူလိုင်လ ၁၄ ရက်နေ့မှ စတင်ကာ ကုန်တင်ယာဉ်များ အားလုံးသည် လားရှိုးမြို့သို့ လာရောက်မည်ဆိုပါက သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ စစ်ဆေးရေးဂိတ်မှာ RDT စစ်ဆေးပြီး ကိုဗစ် - ၁၉ ကင်းစင် ကြောင်း ထောက်ခံချက် စာရွက်ပါမှသာ ဝင်ရောက်ခွင့်ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပုံ-လားရှိုးမြို့တွင် ကိုဗစ်ကာလ အဝင်/အထွက်တားမြစ်ထား(Thaung Lwin)

လက်ရှိ လားရှိုးမြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုများ တိုးလာနေပြီး သေဆုံးသူ ဦးရေမှာလည်း တစ်ရက်နှင့် တစ်ရက် မြင့်တက်လာနေသည်ဟု ဦးဆန်းဦးက ဆိုသည်။

ဦးဆန်းဦးက “သေဆုံးမှုကတော့ တစ်ရက်ကို ကျနော်တို့ အသင်းတစ်သင်းထဲကို တစ်ရက် ၈ လောင်း၊ ၇ လောင်း ၊ ၄ လောင်းဆိုတဲ့နေ့က အနည်းဆုံးပဲ။ ဒီမနက်တောင်မှ ကျနော်တို့ ၅ လောင်းလောက် သင်္ဂြိုလ်ပြီးပြီ” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ အပါအဝင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ များပြားနေသော နောင်ချို မြို့နယ်၊ မူဆယ်မြို့နယ်၊ သီပေါမြို့နယ်နှင့် လောက်ကိုင်မြို့နယ် တို့ကို Stay at Home အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

 

#ဉီးဆန်းဉီး #ကမ္ဘောဇပရဟိတအသင်း #ရှမ်းပြည်နယ်မြောက်ပိုင်း #လားရှိုးမြို့ #ဝင်ခွင့်မပြု #ကိုဗစ်၁၉ #ကျန်းမာရေး

#Stayathome #မြို့အဝင်ပိတ် #CNImyanmar #cninews