CNI News
၂၀၂၅ ခုနှစ်၊ မေလ  ၂၆

မိမိတို့ဒေသအတွင်း မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းနှင့် မည်သည့် နိုင်ငံရေး အဖွဲ့အစည်းကိုမျှ လက်ခံထားခြင်းမရှိဘူးဟု အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(NDAA)၏ ဒုဥက္ကဋ္ဌ ဦးစန်ပေ့က ပြောသည်။

 ဦးစန်ပေ့ ဦးဆောင်သည့် NDAA ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်က တြိဂံတိုင်းစစ်ဌာန ချုပ်မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့ “မိမိတို့ ဒေသအတွင်း မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့် နိုင်ငံရေးအဖွဲ့ အစည်းကိုမျှ လက်ခံထားခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော် တည်ငြိမ်ရေး၊ အေးချမ်းရေး လုပ်ငန်းရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်”ဟု ပြောသည်။

ထို့နောက် မိမိတို့  NDAA ၏ သဘောထားခံယူချက် အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှ ချမှတ်ထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောသည်။

မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော် တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ တွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီရင်းအစ်ကို မောင်နှမများအားလုံး အနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန်လိုအပ်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မိမိတို့သည် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ရုံးသုံးဘာသာစကားနှင့် စာပေကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တတ်‌မြောက်ထားရှိရန်လိုအပ်မည်ဟု ၎င်းက NDAA ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့သည်။

NDAA သည် ဗမာပြည်ကွန်မြူနစ် ပါတီကနေ ခွဲထွက်၍ တပ်မတော်နှင့် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ငြိမ်းချမ်းရေး ယူခဲ့ရာ တပ်မတော်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းလားဒေသကို ဗဟိုပြု၍ အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။

အဆိုပါ အထူးဒေသ(၄)တွင် ဗမာစကားနှင့် ကျပ်ငွေထက် တရုတ်စကားနှင့် တရုတ်ငွေကြေးကို အဓိကထား အသုံးပြု လျက်ရှိသည်။

ထို့နောက်  NDAA အဖွဲ့ဝင်အဖြစ် ပါဝင်နေသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များထဲက AA၊ KIA၊ MNDAA၊ TNLA တို့သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေ သလို မြန်မာ့တပ်မတော်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် NUG၊ PDFs နှင့် NUCC တို့ကို လက်ခံ ထားသည်။

ထို့ကြောင့် NDAA သည် FPNCC အဖွဲ့ဝင် တချို့က မြန်မာ့တပ်မတော် သဘောမကျသော လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများကို လက်ခံထားသည့်တိုင် ၎င်းတို့ကတော့ လက်မခံထားဘူးဟု ထပ် လောင်း အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။