CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၅

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(NDAA)ဒုဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်က တြိဂံတိုင်းစစ်ဌာနချုပ်မှာ တွေ့ဆုံ၍ နိုင်ငံရေး-စီးပွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် နစကဘက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစကတွဲဘက်အတွင်းရေးမှူး နှင့် စရခ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ (ကြည်း-ရေ-လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့သည်။

ထို့နောက် NDAA ဘက်က ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ဒုဥက္ကဋ္ဌ ဦးဆန်လူ၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်တို့ တက်ရောက်ခဲ့ကြသည်။

နစကဥက္ကဋ္ဌက “ဒေသတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် ရာဘာကို အခြေခံသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သွားကြရန်လိုပြီး အဆင့်မြင့် ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အလားတူ ဒေသ တွင်း အသားငါးများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြစေ လိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည်များကို ထောက်ပံ့ဆောင်ရွက်ပေးသွားမည်”ဟု ပြောသည်။

ထို့နောက် လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍လည်း နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့က “ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုမြန်ဆန် ချောမွေ့စေရေး အတွက်လည်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ ဒေသအတွင်း ပညာရေးကဏ္ဍများတွင် နိုင်ငံတော် အနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ ဒေသအတွင်း မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းနှင့် မည်သည့် နိုင်ငံရေးအဖွဲ့အစည်းကိုမျှ လက်ခံထားခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်း နှင့် နိုင်ငံတော် တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်”ဟု ပြောသည်။

ထို့နောက် မိမိတို့  NDAA ၏ သဘောထားခံယူချက် အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှ ချမှတ်ထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး စသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောသည်။

NDAA သည် ဗမာပြည်ကွန်မြူနစ် ပါတီကနေ ခွဲထွက်၍ တပ်မတော်နှင့် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် ငြိမ်းချမ်းရေး ယူခဲ့ရာ တပ်မတော်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းလားဒေသကို ဗဟိုပြု၍ အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။