၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၃

မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများအား မကြာခင်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ရတော့မည်ဖြစ်သော်လည်း အခြားသော နိုင်ငံများတွင် ကိုဗစ်စတုတ္ထလှိုင်းမှာ စတင်နေပြီဖြစ်သည့်အတွက် ရုပ်ရှင်ရုံများ ပြန်ဖွင့်လာပါက လာရောက် ကြည့်ရှုမည့်သူ မရှိမည်ကို ပူပန်နေရကြောင်း ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးက ဆိုသည်။

“တခြားအရောင်းအဝယ်လုပ်ငန်းတွေက အနည်းနဲ့အများ စီးပွားရေးအရ လုပ်ကိုင်လို့ရတာပေါ့။ အန်တီတို့ရဲ့ လုပ်ငန်းတွေကတော့ entertainment လည်းဖြစ်တာကိုး။ entertainment ဖြစ်တဲ့အတွက် ထုတ်လုပ်ရေး အပိုင်း ရော၊ ပြသရေးအပိုင်းရောက လုံးဝရပ်ထားရတာဖြစ်တဲ့အတွက် ပြောရရင်တော့ ဆိုးတဲ့ဘက်ကြီးပဲပေါ့နော် အန်တီ တို့ဘက်ချည်းကတော့။ ဝင်ငွေလုံးဝမရှိတဲ့ အနေအထားမှာရှိတာပေါ့” ဟု CNI သတင်းဌာနသို့ ‌ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြောင့် အထိအနာဆုံးဖြစ်သည့် ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည့် အကြောင်းအား ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံနှင့်ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများလွှဲပြောင်းသည့် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီး ဦးမောင်‌မောင်အုန်းက ပြောဆိုသွားခြင်းဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်ရက်အတိအကျကိုတော့ ပြောဆိုသွားခြင်းမရှိပေ။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ မတွေ့ရှိခင် အချိန်ကတည်းက ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုအနေဖြင့် ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်မှ စတင်ကာ ရုပ်ရှင်ရုံများကို ယာယီပိတ်ထားရန် ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့ပါက ရုပ်ရှင်လောကသားများအတွက် ဝမ်းသာစရာတစ်ခု ဖြစ်ကြောင်း ရုပ်ရှင် သရုပ်ဆောင်ဦးဝင်းမြိုင်က ဆိုသည်။

“ဒီအတိုင်းအလုပ်မရှိဘဲ ထိုင်နေကြရတဲ့ သရုပ်‌ဆောင်တွေ၊ စက်မှုအဖွဲ့တွေ၊ အကုန်လုံး ရုံသမားတွေအများကြီးပဲ ဒီတိုင်းနေနေကြရတာဆိုတော့ ဒီလမ်းကြောင်းလေး ပြန်ပြီး ပွင့်လာပြီဆိုရင်တော့ အကုန်လုံးအတွက် စားဝတ် နေရေးပြန်အဆင်ပြေကြရတော့မှာပေ့ါ” ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ရောဂါကူးစက်မှုနှုန်းကျဆင်းလာသည့်အတွက် ရုံးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး ရုံးများအား နှစ်ပတ်တက် နှစ်ပတ်နားစနစ်ဖြင့် စက်တင်ဘာ ၁၃ ရက်နေ့မှစတင်ကာ ပြန်လည်ခွင့်ပြုခဲ့ပြီး မြို့နယ်အချို့ကို လည်း Stay at home သတ်မှတ်ချက်များ ပယ်ဖျက်ခြင်းအား လုပ်ဆောင်ကာ အခြေခံပညာကျောင်းများအား အောက်တိုဘာ ကျောင်းပိတ် ရက်ရှည်အလွန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူ များအား ကာကွယ်ဆေးထိုးနှံပေးမှုများ လုပ်ဆောင်လျက်ရှိသည်။