မော်စကို၊ အောက်တိုဘာ ၁၇

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း လူဉီးရေ ၁၀၀၀ ကျော် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူ ဦးရေမှာလည်း တဟုန်ထိုး များပြားလာကြောင်း RT.com က ရေးသားဖော်ပြသည်။

အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်သော စာရင်းများအရ Covid-19 ကြောင့် နေစဉ်သေဆုံးမှုမှာ ၆ ရက်အတွင်း ပိုမို များပြား လာခဲ့ရာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူစုစုပေါင်း ၁,၀၂၂ ဦးရှိခဲ့သည်။

နေ့စဉ် ကူးစက်ခံသူ အတည်ပြုလူနာ အရေအတွက်မှာလည်း စံချိန်သစ်တင်ခဲ့ပြီး ကူးစက်ခံရသူ ၃၂,၁၉၆ ဦးအထိ ရှိသွားပြီဟု ဆိုသည်။

ရုရှားနိုင်ငံ၏ မြို့တော်နှင့် လူဦးရေ အထူထပ်ဆုံးဖြစ်သော မော်စကိုသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကပ်ရောဂါအထိ နာဆုံးနေရာအဖြစ် ဆက်လက်တည်ရှိနေသည်။

ယခုဆောင်းဦးရာသီသည် ရုရှားနိုင်ငံတွင် ကူးစက်ရောဂါ ပိုများသည့် အစဉ်အလာရှိသဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလ တို့၌ ရောဂါသည် အရေအတွက် သိသိသာသာ တိုးလာနိုင်ခြေ ရှိသည်။

 

သို့သော် ရုရှားဖက်ဒရယ်အာဏာပိုင်များက တနိုင်ငံလုံး lockdown ချရန် အစီအစဉ်မရှိကြောင်း အခိုင်အမာပြောကြားခဲ့ပြီး ပြည်သူများ ကာကွယ်ဆေး ထိရောက်စွာ ထိုးနှံကြရန်သာ တိုက်တွန်းထားသည်။

လတ်တလော အနေအထားတွင် ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရုပ်ရှင်ရုံများနှင့်စားသောက်ဆိုင် လာသူများကို ကပ်ရောဂါဆိုင်ရာ အသိပညာပေး QR ကုတ်များ မိတ်ဆက်ခြင်း၊ သက်ကြီးရွယ်အိုများ သီးသန့်ခွဲနေရန် အမိန့်ထုတ်ခြင်းနှင့် လူစုလူဝေး အခမ်းအနားများ ကန့်သတ်ခြင်းတို့ ဆောင်ရွက်နေသည်။

အောက်တိုဘာ ၁၅ ရက်အထိ ရုရှားနိုင်ငံတွင် စပွတ်နစ်ဗီ (Sputnik V) နှင့် အက်ပီဗက်ကိုရိုနာ (EpiVacCorona) ကာကွယ် ဆေးများကို ပြည်တွင်းလူဦးရေ ၄၅ ဒသမ ၃ သန်း (သို့မဟုတ်) စုစုပေါင်းလူဦးရေ၏ ၃၁ ရာခိုင်နှုန်းအား အပြည့်အဝ ထိုးနှံပြီး ဖြစ်သည်။

ယခုရက်သတ္တပတ် အစောပိုင်းတွင် ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ်က “နိုင်ငံတွင်း ကာကွယ်ဆေးထိုးနှံမှု အလွန်နှေးကွေးသွား၍ နောင်တရမိပါကြောင်း၊ နိုင်ငံသားအားလုံး ကာကွယ်ဆေးထိုးနှံနိုင်မှု အခြေအနေကို ကြိုးစား ဖန်တီး ပေးနေပါကြောင်း” ပြောကြားခဲ့သည်။