စင်ကာပူ၊ အောက်တိုဘာ ၁၈

စင်ကာပူနိုင်ငံရှိ အမျိုးသမီး ၆၀ ရာခိုင်နှုန်းနီးပါး လိင်စွမ်းဆောင်ရည် ကျဆင်းနေကြောင်း စင်ကာပူပြည်တွင်းရှိ KK အမျိုး သမီးနှင့် ကလေးဆေးရုံမှ ဦးဆောင်လေ့လာခဲ့သော သုတေသနပြုချက် တစ်ရပ်အရ သိရသည်ဟု CNA သတင်းက ဖော်ပြ သည်။

အဆိုပါ အမျိုးသမီးများသည် ကိုယ်ဝန်ရရန် အလားအလာနည်းပါးပြီး ကိုယ်ဝန်ရရှိရန် စောင့်စားချိန် ပိုမိုကြာမြင့်မည်ဟု KK အမျိုးသမီးနှင့် ကလေးဆေးရုံက ထုတ်ပြန်သည်။

၎င်းသုတေသန လုပ်ငန်းတွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ မျိုးဆက်ပွားနိုင်သော စင်ကာပူအမျိုးသမီး ၅၀၀ ကို စံနမူနာအဖြစ် စစ်ဆေးခဲ့ပြီး ယင်းနှစ်တွင်ပင် သန္ဓေတည်နိုင်အောင် ကြိုးစားကြည့်ခဲ့သည်။

လိင်ကိစ္စတွင် အမျိုးသမီးများသည် ဆန္ဒဖြစ်ပေါ်ခြင်း၊ နှိုးဆွမှုနှင့်အတူ နိုးကြားလာခြင်း၊ ချောမွေ့စေခြင်း၊ ပြီးမြောက်ခြင်း၊ စိတ်ကျေနပ်ခြင်းနှင့် နာကျင်ခြင်း စသည့် နယ်ပယ် ၆ ခု၌ ၎င်းတို့ကိုယ်ပိုင် လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများကို အဆင့် သတ်မှတ် ဖြေဆိုရန် သုတေသနလုပ်ငန်း၌ ပါဝင်စစ်ဆေးခံသူများကို လမ်းညွှန်ခဲ့သည်။

မေးခွန်းတစ်ခုစီအတွက် ရမှတ်အနေဖြင့် သုညမှ ၅ အထိ ပေးသဖြင့် ဖြေဆိုသူတိုင်း ၂ မှတ်မှ အမှတ် ၃၀ အထိ စုစုပေါင်း ရမှတ်သတ်မှတ်ထားသည်။
သုညမှ ၂၂ မှတ် (သို့မဟုတ်) အနိမ့်ဆုံး ရမှတ်ရရှိသူများသည် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းသူများအဖြစ် သတ်မှတ်ထားပြီး အခြားနာကျင်ခြင်း အပါအဝင် လိင်ဆက်ဆံစဉ် နာကျင်ခြင်း မကြာခဏ ဖြစ်ပေါ်မှုကိုပါ ထည့်သွင်း ထားသည်။

အဆိုပါ သုတေသနလုပ်ငန်း၏ တစ်စိတ်တပိုင်းအနေဖြင့် ပါဝင်ဖြေဆိုသူ အမျိုးသမီးများ၏ အသက်အပိုင်းအခြား၊ လူမျိုး၊ အိမ်ထောင်ရေး အခြေအနေ၊
ကိုယ်ဝန်ဆောင်မှု မှတ်တမ်းနှင့် နေထိုင်မှုပုံစံ အပါအဝင် ၎င်းတို့ကိုယ်ရေးကိုယ်တာ အချက် အလက်များနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တို့ကိုပါ ထည့်သွင်း အကဲဖြတ်ခဲ့သည်။

ထို့နောက် ၎င်းတို့ကို နေအိမ်၌ပင် ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးနည်း ပြသပေးခဲ့ပြီး သန္ဓေတည်ရန် ကြိုးစားစဉ် ယခု သုတေသန လုပ်ငန်း၏ တစ်နှစ်တာ စောင့်ကြည့်မှုကို ခံယူရသည်။

ထွက်ပေါ်လာသော သုတေသန ရလဒ်များအရ စင်ကာပူနိုင်ငံရှိ အာရှနွယ်ဖွား အမျိုးသမီး ၅၈ ဒသမ ၆ ရာခိုင်နှုန်းသည် ၂၂ မှတ်အောက်တွင်သာ ရှိနေပြီး ထိုသို့အမှတ်နိမ့်ခြင်းမှာ ၎င်းတို့လိင်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်ကြောင့် ဖြစ်နိုင်ခြေရှိ သည်ဟု CNA ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။