၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့နှင့် ပန်ဆောင်မြို့တို့ရှိ ဆေးရုံ များတွင် ဆရာဝန်များ မရှိသည့်အတွက်
ခွဲစိတ်မှုအပိုင်းများ အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ဆိုသည်။

ပန်ဆောင်ဒေသခံ တစ်ဦးဖြစ်သူ ဒေါ်ခွန်နှင်းက “ကျမတို့ ဒီမှာလေ ဆေးရုံတော့ မပိတ်ဘူး။ ဒါပေမယ့်လို့ ဆရာဝန်တွေ မရှိ တော့ အခက်အခဲရှိတယ်။ ဆရာဝန်တွေကလည်း အောက်ပိုင်း(မုံရွာနဲ့တခြားမြို့ကြီးများကိုရည်ညွန်း)ကို သွားလိုက်တာ ပြန် မလာဘူး။ သူ့လက်အောက်က ဆရာ/ ဆရာမတွေတော့ ရှိတယ်။ သူတို့တွေလည်း ဆရာဝန်ရှိမှ လုပ်လို့ရတဲ့ဟာတွေ ရှိတယ် လေ။ ဆရာမတွေ တတ်နိုင်သလောက်တော့ လုပ်ပေးရှာပါတယ်။ ဒါပေမယ့်လို့ ခွဲစိတ်တာတို့ ဘာညာကြ‌တော့ ဆရာဝန် မရှိ ဘူးဆိုတော့ မြစ်ကြီးနားမှာပဲ ပြန်ဆင်းရတာပေါ့။ တချို့ကလည်း အိန္ဒိယဘက်မှာ။ ဒါပေမယ့်လည်း အိန္ဒိယဘက်က နီးပေ မယ့်လည်း လွယ်လွယ်ကူကူသွားလို့ မရဘူးပေါ့နော်။ ဒီလို အခက်အခဲတွေတော့ ရှိတယ်” ဟု ပြောသည်။

လက်ရှိ နာဂဒေသ ပန်ဆောင်မြို့တွင် တုတ်ကွေးရောဂါများ ဖြစ်ပွားနေသလို ဆေးဝါး မလုံလောက်မှုများလည်း ကြုံတွေ့နေ ရသည်ဟု ၎င်းက ပြောသည်။

နာဂအမျိုးသားပါတီ (NNP)မှ ဥက္ကဋ္ဌ ဦးရှုမောင်က နာဂဒေသတွင် ဆက်သွယ်ရေးလမ်းကြောင်းမှာ ကချင်ပြည်နယ်၊ ခန္တီး-စစ်ကိုင်းတိုင်းဒေသကြီးသို့ သွားသည့် လမ်းကြောင်းနှစ်ခုသာရှိကြောင်း၊ လက်ရှိ တနိုင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွား နေသည့်အတွက် ဒေသခံများ အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။

ဦးရှုမောင်က “နာဂဒေသဆိုရင် လူသွားလို့ရတဲ့ လမ်းကြောက နှစ်ခုပဲရှိတယ်။ တစ်ခုက ကချင်ကို အားပြုတဲ့ လမ်းကြော၊ တစ်ခုက ခန္တီး စစ်ကိုင်းဘက်ကို အားပြုတဲ့ လမ်းကြော။ အဲလို မိန်းလမ်းကြောက နှစ်ခုပဲ ရှိတယ်ဆိုတော့ ဒီလိုလမ်းကို ဗဟိုပြုပြီးတော့ တနိုင်း - ရှင်ပွေယန်၊ တနိုင်း - မြစ်ကြီးနားဘက်ကို အားပြုတာပေါ့ဗျာ။ သို့‌သော်လည်း အခုနယ်မြေတွေက စစ်ပွဲ အခြေ အနေတွေနဲ့ဆိုတော့ လုံခြုံရေးအရ သော်လည်းကောင်း ဒါတွေလည်း ထိခိုက်မှုတွေက ရှိနေတာပေါ့” ဟု ပြော သည်။

ပုံ- နာဂဒေသကိုတွေ့ရစဉ်။

နယ်မြေ မတည်ငြိမ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် နာဂဒေသခံများ အနေဖြင့် ကျန်းမာရေး အခက်အခဲ အပါအ၀င် စားဝတ်နေရေးနှင့် ကုန်ဈေးနှုန်း မြင့်မားမှုများ စသည့် အခက်အခဲများဖြင့် ကြုံတွေ့နေကြရသည်။

နာဂဒေသရှိ ဆေးရုံအချို့မှာ ဆရာဝန်များ လစ်လပ်နေသည့် အကြောင်းအရာနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များ ထံ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ဒေါ်ခွန်နှင်းက “ကျမတို့ ပန်ဆောင်ဆိုတော့ အိန္ဒိယနယ်စပ်ဖြစ်သွားပြီ။ အိန္ဒိယဘက်ကို သွားရတာတော့ နီးပေမယ့်လို့ ကျမ တို့ လက်မှတ်ယူတဲ့အခါ ရုံးခန်းထွေအုပ်မှာတော့ ပေးတော့ ပေးရှာပါတယ်။ ဒါပေမယ့်လို့ စစ်တပ်ဘက်က လွယ်လွယ် ကူကူနဲ့ မလွတ်ပြန်ဘူးလေ။ အဲလိုဆိုတော့ ကျမတို့က အိန္ဒိယဘက်ကို သွားဖို့က အခက်အခဲရှိတယ်။ မြန်မာပြည်မှာက တကယ့် အရေးပေါ်လူနာတွေက လမ်းတစ်ဝက်မှာ ဆုံးပါးသွားတာတွေ ရှိတယ်။ ဘာကြောင့်လည်း ဆို‌တော့ ကျမတို့က နှစ်ညအိပ်၊ တစ်ညအိပ် အဲလိုမျိုးတွေ သွားရတာလေ။ တစ်ခါတစ်လေ ကားပျက်လို့ လမ်းမှာ ကြာတာတွေ အဲမျိုးတွေ ဖြစ်တတ်တယ်” ဟု ပြောသည်။

နာဂဒေသသည် နှစ်စဉ်နှစ်တိုင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲနှင့် ကြုံတွေ့ရပြီး ယခုနှစ်တွင်မှု ဆရာဝန်များ မရှိသည့် အတွက် ကျန်းမာရေးဆိုင်ရာ အခက်အခဲများပါ ကြုံတွေ့နေရသည်ဟု ဒေသခံများက ဆိုသည်။

နာဂဒေသသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် လူမှု စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဒေသတစ်ခုဖြစ်သည်။