CNI News

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ထိန်းချုပ်ဒေသရှိ ပြည်သူများကို ကိုဗစ် - ၁၉ ကာကွယ်ဆေး ပြန်လည် ထိုးနှံပေး နေသည်ဟု KIO မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ကတော့ နေ့တိုင်းထိုးပေးတာပဲ။ ပြီးတောင် ပြီးတော့မယ်။ ကျနော်တို့က ပြီးခဲ့တဲ့ ၂ လကတည်းက ထိုးပေးတာ။ ထိုးလို့ရတဲ့ အသက်အရွယ်အားလုံးကို ရွေးပြီး အားလုံးကို ထိုးတာပဲ။ ကျနော်တို့ KIO ထိန်းချုပ်နယ်မြေ နယ်စပ် တစ်ကြောပေါ့” ဟု ပြောသည်။

လက်ရှိ KIO ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာ၊ မိုင်ဂျာယန် တစ်ကြောရှိ ပြည်သူ ၂ သောင်းကျော်ကို ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံထုတ် SINOVAC ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ မေလက ပထမအကြိမ်တွင် ပြည်သူ ၄ သောင်းကျော်ကို ထိုးနှံပေးပြီးဖြစ်ကာ ကျန်ရှိနေသည့် ပြည်သူများ ကိုလည်း ထိုးနှံပေးသွား မည်ဟု သိရသည်။

ပုံ- ကိုဗစ်ကာကွယ်ရေး ကျန်းမာရေး စစ်ဆေးနေစဉ်။ (The Kachin Net)

ဗိုလ်မှူးကြီး နော်ဘူ “ကာကွယ်ဆေးက ထိုးနိုင်သလောက် ထိုးပေးတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုကလည်း အားလုံးနိုင်လို့ရှိရင် ထိုးလို့ရရင်‌တော့ ကောင်းတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ လက်တွေ့က ပိုးတွေ့လူနာနဲ့ ကာကွယ် ဆေး ထိုးပြီးသားလူတွေ ထိတွေ့ရင်လည်း မကူးစက်တာကို ကျနော်တို့ တွေ့ရပါတယ်။ ထိတွေ့တာနဲ့ မကူးစက်တာကို တွေ့ရပါတယ်။ နောက်ကူးစက်ရင်လည်း မပြင်းထန်တော့ဘူး။ အဲတာကြောင့် ကာကွယ်ဆေးထိုးတာက ကောင်းပါတယ်လို့ ပြောလိုပါတယ်”ဟု ပြောသည်။

KIO ထိန်းချုပ်ဒေသ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုမရှိပဲ လိုင်ဇာမြို့အဝင် ကျေးရွာအချို့တွင် ပိုးတွေ့လူနာ ၁၀၀ နီးပါး ရှိနေသည်ဟု ၎င်းက ပြောသည်။
လက်ရှိ လိုင်ဇာမြို့ အဝင်အထွက်ကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ကာကွယ်ဆေးထိုးပြီးသူများကို ၁၄ ရက် Q(ကွာရန်တင်း)ဝင်ရန် သတ်မှတ်ထားပြီး ကာကွယ်ဆေး မထိုးထားသူများကို ၂၁ ရက် Q(ကွာရန်တင်း)ဝင်ရမည်ဟု သတ် မှတ်ထားသည်။ ထိုသတ်မှတ်ချက်များ ဆောင်ရွက်ပြီးမှသာလျှင် မြို့အတွင်းသို့ ဝင်ခွင့်ပြုကြောင်း KIO ထံမှ သိရသည်။

အဆိုပါ စစ်ဆေးမှုအတွင်း ကိုဗစ် - ၁၉ လူနာတွေ့ရှိခဲ့ပါက ဆေးကုသမှု၊ အာဟာရဖြည့်ပေးမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။