၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်အတွင်းရှိ ပြည်သူများကို မြန်မာနိုင်ငံအထူးဒေသ (၁) မုံးကိုးနှင့် မြန်မာနိုင်ငံအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ ဖွဲ့စည်းလိုက်သည့် ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဖွဲ့တို့သည် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးခဲ့ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁၈) ရက်မှ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်မှာ ထိုးနှံပြီးကြောင်း ၎င်းတို့က ထုတ်ပြန်ခဲ့သည်။

မုံးကိုးဒေသ၏ ကျေးရွာ (၁၉) ရွာမှ လူဦးရေ (၇၉၁) ဦးကို ပထမအကြိမ် ကာကွယ်ဆေး ထိုးပေးခဲ့ပြီး အသက် (၁၂) နှစ်မှ အသက် (၆၀)နှစ် အရွယ်ကို ဦးတည်၍ ကာကွယ်ဆေး ထိုးပေးခဲ့ခြင်း ဖြစ်သည်။

MNDAA သည် ကိုဗစ်‌ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းကို အထူးဒေသ (၁) ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအဖွဲ့ခွဲများ ဖွဲ့စည်းပြီး ပြည်သူလူထုနှင့် တပ်ဖွဲ့ဝင်များကို ကိုဗစ်ရောဂါကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

MNDAA သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် ဖုန်ကြားရှင်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကိုးကန့်ဒေသရှိ မုန်းကိုး၊ ကွန်ဂျင်နှင့် လောက်ကိုင်ဒေသတွင် လှုပ်ရှားလျက်ရှိသည်။

MNDAA သည် ညီနောင်မဟာမိတ်အဖွဲ့တွင် ပါဝင်လှုပ်ရှားလျက်ရှိပြီး ၎င်းအဖွဲ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး/တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ဖြင့် ဖွဲ့စည်းထားသည်။

မြန်မာ-တရုတ် နယ်စပ် တစ်လျှောက် မုံးကိုးနှင့် ကြူကုန်(ပန်ဆိုင်း)မြို့နယ်များအတွင်းမှာ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ကြား သြဂုတ်လ ကတည်းက စတင်၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရမှုနှုန်း၊ သေဆုံးမှုနှုန်းများကို အချိန်မှီ ထိန်းချုပ်ကာကွယ် နိုင်ရန်၊ ကိုဗစ် ကာကွယ်ဆေး ထိုးသင့်သူများအားလုံး အချိန်မှီ ထိုးနှံနိုင်ရန်အတွက် မြန်မာပြည်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရန် လိုအပ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသလို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသ‌ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်း ရေး ရရှိရေးအတွက် သော်လည်းကောင်း၊ မကြာမီကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် (၅)လကြာ စစ်ရေးလှုပ်ရှားမှုများရပ်စဲကြောင်း တပ်မတော်က စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။