၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁

အောက်တိုဘာ ကျောင်းပိတ်ရက်ရှည် ကာလအလွန်တွင် ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် နေပြီး အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ဒုတိအပတ်နှင့် တတိယ အပတ်တို့တွင် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက“အသေးစိတ်တော့ မသိသေးပါဘူး။ ကျနော်တို့ကတော့ ကလေးတွေကို အလယ်တန်း၊ အထက်တန်းတွေကို ကာကွယ်ဆေးထိုးပါမယ်။ ကျောင်း အတွက် ပြင်ဆင်တဲ့အနေနဲ့ပေါ့နော်။ အဲ့ဒါ ဒီအောက်တိုဘာလ ဒုတိယအပတ် တတိယအပတ်လောက်ဆိုရင် ကျနော်တို့စပြီး ဒီအစီအစဉ်ကို လုပ်ပါမယ်” ဟု CNI သတင်းဌာနသို့ပြောသည်။

ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လတို့တွင် ပညာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကာ ကျောင်းများပြန်ဖွင့်လှစ်ပါက ကိုဗစ်ကာကွယ်ရေး စည်းမျဉ်များအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးမည့် ကျောင်းသား၊ ကျောင်းသူများမှာ အသက် ၁၂ နှစ်နှင့် ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများဖြစ်ကြောင်းနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် အလယ်တန်းနှင့် အထက်တန်းကျောင်း များသာ ဖွင့်လှစ်မည်ဖြစ်ပြီး မူလတန်းကျောင်းမပါဝင်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “ကျနော်တို့ နိုင်ငံတကာလေ့လာချက်အရ အဓိကကတော့ ဒီ အသက် ၁၂ နှစ် အထက်ကို ဦးစားပေးထိုးတာပေါ့။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာတော့ အသက် ၃ နှစ်ကစပြီး ထိုးတာရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ၁၂ နှစ်နဲ့ ၁၈ နှစ်ကြားကို ကျနော်တို့ ထိုးသွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

ရောဂါကူးစက်မှု ၅ ရာခိုင်နှုန်းအောက် ရောက်ရှိမှသာ စာသင်ကျောင်းများအား ပြန်ဖွင့်လှစ်နိုင်မည်ဟု သိရ သော်လည်း လက်ရှိတွင် ရောဂါကူးစက်မှုနှုန်းမှာ ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်းဝန်းကျင်တွင်သာ ရှိသေးသည့်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကာကွယ်ဆေးထိုးနှံရန်အစီအမံများကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။

ယခုနှစ် ကျောင်းဖွင့်ရာသီဖြစ်သည့် ဇွန်လတွင် အခြေခံပညာကျောင်းများအား ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ် ကူးစက်မှုများကြောင့် ဇူလိုင် ၉ ရက်နေ့မှစတင် ပိတ်ထားခဲ့သည်မှာ လက်ရှိအချိန်အထိ ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံးမျှော်လင့်ထားကြောင်း၊ ကိုဗစ် ၁၉ ရောဂါ၏ သဘာဝအရ ကူးစက်မှုများ ပိုမိုမဖြစ်ပွားစေရန် ပြည်သူလူထုအားလုံးပါဝင်ရန်လိုအပ် ကြောင်းနှင့် ရောဂါကာကွယ်နှိမ်နင်းရေး နည်းလမ်းများအား မပေါ့မလျော့ လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

လက်ရှိတွင် ရောဂါကူးစက်မှုနှုန်းကျဆင်းသည့်အတွက် ရုံးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး ရုံးများအား နှစ်ပတ်တက် နှစ်ပတ်နားစနစ်ဖြင့် စက်တင်ဘာ ၁၃ ရက်နေ့မှစတင်ကာ ပြန်လည်ခွင့်ပြုခဲ့ပြီး မြို့နယ်အချို့ကို လည်း Stay at home သတ်မှတ်ချက်အား ပယ်ဖျက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။